မနေ့ညကပွဲမှာ ဒီဘာလာကိုလူစားလဲချိန် နမ်းသွားခဲ့တာပါ။

မော်ရင်ဟိုရဲ့ ရိုးမားကတော့ စီးရီးအေမှာ မွန်ဇာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ရိုးမားအတွက် တိုက်စစ်မှူးသစ် ဒီဘာလာက ခြေစွမ်းပြခဲ့ကာ ၂ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးတွေကတော့ ဒီဘာလာအတွက် ရိုးမားမှာပထမဆုံးသွင်းယူနိုင်တဲ့ စီးရီးအေသွင်းဂိုးတွေဖြစ်ပြီး ရောမကလပ်အတွက် သူ စတင်ပြီးတော့ ဂိုးတွေရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲချိန် ၆၅ မိနစ်မှာတော့ မော်ရင်ဟိုက ဒီဘာလာကို လူစားလဲလှယ်ခဲ့ချိန်မှာ ဆရာတပည့်နှစ်ဦး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောဆိုခဲ့ကြကာ ဒီဘာလာက မော်ရင်ဟိုရဲ့ လက်ကိုနမ်းရှုံးသွားခဲ့ပါတယ်။ မော်ရင်ဟိုကလည်း ဒီဘာလာခြေစွမ်းပြခဲ့လို့ တော်တော်လေးပျော်ရွှင်ကျေနပ်နေပုံရခဲ့ပြီး သူ့လက်ကို နမ်းခဲ့တာကိုလည်း သဘောကျနေခဲ့ပါတယ်။ ဒီဘာလာက သူ့ရဲ့ အမာခံကစားသမားအဖြစ်နဲ့လည်းရှိနေကာ ဒီရာသီ ၄ပွဲစလုံး ကစားခွင့်ရရှိထားပါတယ်။ 

ဒီဘာလာဟာ ဂျူဗင်တပ်စ်နဲ့လမ်းခွဲပြီးနောက် စာချုပ်လက်မဲ့ဖြစ်နေခဲ့ပြီး အလွတ်ခေါ်ယူနိုင်မယ့်ကစားသမားအဖြစ်ရှိနေခဲ့ပါတယ်။ မော်ရင်ဟိုကိုယ်တိုင် ဒီဘာလာကို ဖုန်းဆက်သွယ်ခဲ့ပြီး သူ့အသင်းကိုပြောင်းရွှေ့လာဖို့ စည်းရုံးခဲ့တာဖြစ်တယ်လို့လည်း သိရကာ ကစားသမားကလည်း လိုလိုလားလားပဲ ပြောင်းရွှေ့လာခဲ့ပြီး အခုတော့ စတင်ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ 

နိုင်ပွဲနဲ့အတူ ရိုးမားက အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိသွားခဲ့ပြီး ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အဆိုပါ ၄ ပွဲမှာ ၃ ပွဲအထိ အနီုင်ရရှိထားပြီး ပေးဂိုးကလည်း ၁ ဂိုးသာရှိကာ စီးရီးအေရဲ့ ခံစစ်အကောင်းဆုံးအသင်းလည်းဖြစ်နေခဲ့ပါတယ်။ ဒီရာသီမှာ ကစားသမားသစ်တွေ ဆက်တိုက်ခေါ်ယူနေခဲ့ပြီး အင်အားဖြည့်တင်းခဲ့တဲ့ ရိုးမားက အဆင့် ၄ အတွင်းဝင်ရောက်နိုင်ဖို့လည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က