ဂျပန်နာမည်ကျော်နောက်ခံလူတဦးဖြစ်တဲ့ မာယာယိုရှီဒါကတော့ ဘွန်ဒက်လီဂါကလပ် ရှော်ကေးလ်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝါရင့်နောက်ခံလူဟာ ဆောက်သမ်တန်၊ ဆမ်ဒိုရီးယားတို့မှာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ဥရောပကစားသမားဘဝကို ရှော်လ်ကေးနဲ့အတူ ဆက်လက်ဖြတ်သန်းဦးမှာဖြစ်ပါတယ်။
ယိုရှီဒါရဲ့ ရှော်ကေးလ်ကို ပြောင်းရွှေ့မယ့်သတင်းကို နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဖာဘရီဇီယိုရဲ့ ဖော်ပြထားမှုမှာတော့ "ဂျပန်ဗဟိုခံစစ်မှူးယိုရှီဒါကို ရှော်ကေးလ်က ခေါ်ယူနိုင်တော့မှာပါ၊ ကစားသမားအတွက် ကမ်းလှမ်းမှုအများကြီးရှိပေမယ့် သူက ပယ်ချခဲ့ပါတယ်၊ ထရက်ဇွန်စပေါ်အသင်းရဲ့ ကမ်းလှမ်းမှုလည်းပါဝင်ပါတယ်" လို့ တွေ့ရပါတယ်။
အခုအခါမှာ ဖာဘရီဇီယိုရဲ့ သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး ယိုရှီဒါတယောက် အံ့အားသင့်နေပါပြီ။ ဖာဘရီဇီယိုရဲ့ တွစ်တာမှာဖော်ပြထားမှုကို ယိုရှီဒါက ပြန်လည်မျှဝေခဲ့ရာမှာ "ဒီလူက တော်တော်လေးကို မယုံနိုင်စရာကောင်းအောင်ဖြစ်နေပြီ၊ ထရက်ဇွန်စပေါ်က ကမ်းလှမ်းတဲ့အကြောင်းကို ကျနော့်မိန်းမတောင်မှ မသိဘူး" လို့ Caption ရေးပြီး မျှဝေခဲ့တာဖြစ်ပါတယ်။
ဘောလုံးအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လာရင် စိတ်အချရဆုံး၊ အယုံကြည်ရဆုံးအဖြစ် ရပ်တည်နေတဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းစုံလင်မှုကိုတော့ ကစားသမားတွေကိုယ်တိုင်ကပါ အံ့အားသင့်နေရပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်တိုင်းမှာ အားလုံးရဲ့ အာရုံစိုက်ခံရမှုကိုလည်း ဖာဘရီဇီယိုက ရရှိနေပြီး တိကျခိုင်မာတဲ့သတင်းတွေဖော်ပြပေးနိုင်မှုက သူ့ရဲ့ အမြင့်မားဆုံးအရည်အချင်းလည်းဖြစ်နေခဲ့ပါတယ်။