စပိန်စူပါဖလားကို ရီးရဲလ်မက်ဒရစ်တို့ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းကစားသမားအားလုံးလိုလို ပျော်ရွှင်နေကြပေမယ့် ဟာဇက်ကတော့ အောင်ပွဲအတွက် ပြုံးခြင်းရယ်ခြင်းတောင်မရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပြီး ပုံမှန်ကစားခွင့်ရဖို့ထက် ဒဏ်ရာပျောက်ဖို့ကိုသာ သူက ဦးစားပေးနေခဲ့ရတာဖြစ်ပါတယ်။
ရီးရဲလ်က ၁၂ ကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ဟာဇက်ကတော့ လုံး၀ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသင်းဆုဖလားရချိန်မှာ သူ မပျော်မရွှင်ဖြစ်နေတယ်လို့လည်း ယူဆနေကြပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘယ်လ်ဂျီယံကစားသမားဟာ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေပြီး လက်ရှိအခြေအနေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဆုပေးပွဲမြင်ကွင်းတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာချိန်မှာတော့ ချယ်လ်ဆီးပရိသတ်တွေက သူတို့ကစားသမားဟောင်းကို အသင်းဆီပြန်လာဖို့အတွက် ပြောဆိုခဲ့ကြပါတယ်။ ဟာဇက်ကို အခုလိုမြင်တွေ့ရတာ တကယ်ကို စိတ်နှလုံးကြေကွဲစရာပဲလို့လည်း ပရိသတ်တွေက ရေးသားခဲ့ကြပြီး အသင်းအနေနဲ့ ပြန်လည်ခေါ်ယူပြီး ကူညီသင့်တယ်လို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
အသက် ၃၁ နှစ်အရွယ် ဟာဇက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတဦးအဖြစ် ရပ်တည်ခဲ့ပြီးနောက် ရော်နယ်ဒိုနေရာအစားထိုးဖို့အတွက် ရီးရဲလ်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကစားသမားဘ၀ ၃ ရာသီအတွင်း ၅၉ ပွဲသာ ကစားထားရပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဒီရာသီမှာဆိုရင် ၁၆ ပွဲကစားပြီး တဂိုးမှမသွင်းယူနိုင်သေးဘဲ ဖြစ်နေပါတယ်။