မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်ကို တတိယအကြိမ်မြောက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ မကြာခင်မှာ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးက သူတို့ကစားသမားအတွက် ပေါင်သန်း ၆၀ ကနေ ၆၅ သန်းအတွင်း အလိုရှိနေပြီး ယူနိုက်တက်က ပေါင်သန်း ၅၀ ထက် ပိုပေးစရာမရှိဘူးလို့ ယူဆထားကြောင်းလည်း ဆိုပါတယ်။ ဒီအတွက်ကြောင့် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးကို အဓိကထားညှိနှိုင်းရဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ အရင်နှစ်ကြိမ်ကမ်းလှမ်းမှုတွေကို ချယ်လ်ဆီးက ပယ်ချထားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိအချိန်ထိ ကစားသမားသစ်ခေါ်ယူထားနိုင်ခြင်းမရှိသေးဘဲ မေဆန်မောင့်တဦးတည်းအတွက်နဲ့ပဲ အချိန် ၁ လကျော် ကြာမြင့်နေတာဖြစ်ပါတယ်။
အသင်းပရိသတ်တွေကတော့ အပြောင်းအရွှေ့လှုပ်ရှားမှုကို ကိုင်တွယ်တဲ့ တာဝန်ရှိသူတွေကို ဒေါသထွက်နေကြပြီး အခြားအသင်းတွေက ကစားသမားကောင်းတွေ အားဖြည့်နေချိန်မှာ ကိုယ့်အသင်းက ကစားသမားတဦးတည်းအတွက်ကို အချိန်တွေမနည်းယူနေရတာကို ပေါက်ကွဲနေကြပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူ ဒီဂျောင်တဦးတည်းအတွက်နဲ့ အချိန် ၂ လကျော်ကုန်ဆုံးခဲ့ပြီး တိုက်စစ်မှူးရော်နယ်ဒိုတောင် ဒေါသထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ရော်နယ်ဒိုက အသင်းရဲ့ လုပ်ဆောင်ချက်တွေကို မကျေမနပ်ဖြစ်ခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကာ လူသိရှင်ကြားထုတ်မပြောခဲ့ပေမယ့် အရိပ်အမြွက်ဖွင့်ဟပီး အသင်းကနေ ထွက်ခွာခဲ့ပါတယ်။