အရန်ခုံမှာပဲ ထားခဲ့လို့ ဒေါသထွက်နေတာပါ။

ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ သူမရဲ့ မောင်ကို အရန်ခုံမှာထားခဲ့ပြီး အရှက်ခွဲခဲ့တယ်လို့ ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီက ဆွစ်ဇာလန်ကို ၆-၁ န​ဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရော်နယ်ဒိုက မိနစ် ၇၀ မှသာ လူစားလဲကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဒီအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒီပွဲမတိုင်ခင်မှာပဲ ဆန်းတို့စ်က သူ့အသင်းခေါင်းဆောင်ကို ပွဲထွက်စာရင်းကနေ ချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့နေရာမှာတော့ ဂွန်ကာလိုရာမို့စ်ကို ထည့်သွင်းခဲ့ပြီး အဆိုပါဘင်ဖီကာတိုက်စစ်မှူးက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပွဲပြီးချိန်မှာလည်း အသင်းနဲ့အတူ အောင်ပွဲမခံခဲ့ဘဲ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ Elma Aveiro က သူမရဲ့ အင်စတာဂရမ်မှာ "ဒီနေ့ ငါတို့အားလုံးအတူရှိနေခဲ့ပါတယ်၊ မင်းက ဒီလိုဖြစ်ရမယ်လို့ထင်ရင် ငါ ဒီမှာရှိနေပါတယ်" လို့ ရေးသားခဲ့ပါတယ်။ သူမရဲ့ ဖော်လိုဝါတဦးက "ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာ မယုံနိုင်အောင်ပဲ ဖြစ်ရတယ်၊ တော်တော်လေးမတရားတာပဲ" လို့ ရေးသားခဲ့တာကိုလည်း သူမက အခုလိုတုံ့ပြန်ခဲ့ပါတယ်။ 

"ဘာကြောင့်လဲဆိုတာတော့ ကျမမသိဘူး၊ နားလည်းမလည်ဘူး၊ ဒါပေမယ့် ဘုရားသခင်ဆီကနေ သိပ်မကြာခင်အဖြေရမယ်လို့ ထင်ပါတယ်၊ သူက ကျရှုံးသွားမှာမဟုတ်ပါဘူး၊ စောင့်ကြည့်နေလိုက်" လို့ ပြန်ရေးသားခဲ့ပါတယ်။ ဒီနောက် ပွဲအပြီးမှာ သူမက  အင်စတာဂရမ်စတိုရီမှာ "ဂုဏ်ယူပါတယ် ပေါ်တူဂီ၊ ရော်နယ်ဒိုက အမြဲတမ်းဒီလိုဖြစ်နေမှာမဟုတ်ဘူးဆိုတာ မှန်ပါတယ်"

"ကံမက​ောင်းစွာနဲ့ သူ ဂိုးမသွင်းနိုင်ခဲ့ဘူး၊ အခု သူက အသက်ကြီးနေပြီ၊ ပေါ်တူဂီက သူ့ကို မလိုအပ်တော့ဘူး (လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေန​ဲ့အတူရေးခဲ့တာပါ)၊ ကျမတို့ကြားခဲ့ရတာတွေအားလုံးကို ကျမတို့ ပြောဖြစ်ခဲ့တယ်၊ သူလုပ်ခဲ့သမျှက အရေးမကြီးတော့ဘူး၊ သူလုပ်ခဲ့သမျှအားလုံးကို မေ့ပစ်သွားကြပါပြီ၊ ရူအီဆန်းတို့စ် (ဖာနန်ဒိုဆန်းတို့စ်ကို ပြောတာ)၊ သူက ဘာကိုတောင်းပန်မှာလဲ။ ငါတို့လိုချင်တဲ့ဟာကို ငါတို့လုပ်နိုင်တယ်"

"ဒီလောက်ထိ အများကြီးပေးဆပ်ခဲ့တဲ့သူကို အရှက်ခွဲခဲ့တာက ဝမ်းနည်းစရာပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျမတို့ အများကြီးပိုမြင်ရဦးမှာပါ" လို့ ရေးသားသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ လာမယ့် မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း အရန်ခုံမှာသာ ဆက်လက်ထိုင်နေရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က