ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေကတော့ မနေ့ညက ဘယ်လ်ဂျီယံနဲ့ ယူရိုရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ ပြုမူခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါပြီ။ ဒီပွဲမှာ ပြင်သစ်က ဗာတွန်ဂန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အဆိုပါ ဂိုးမဝင်ခင်အချိန်မှာ အမ်ဘာပေနဲ့ ဗာတွန်ဂန်တို့အကြား ပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။ အမ်ဘာပေက ဘယ်လ်ဂျီယံ ဂိုးဧရိယာထဲ ဝင်လာချိန်မှာ လဲကျသွားခဲ့ပြီး ဒါကို ဗာတွန်ဂန်က အမ်ဘာပေနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့တာပါ။
နှစ်ယောက်အကြား အချင်းများမှုတွေရှိခဲ့ပြီး ကွင်းလယ်ဒိုင်က ဖျန်ဖြေပေးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ မူအာနီရဲ့ ကန်ချက်ကို ဗာတွန်ဂန် ကာကွယ်ဖို့ ကြိုးစားရင်း ဘောလုံးက သူနဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ အမ်ဘာပေက ဗာတွန်ဂန်ဆီ ပြေးသွားကာ လှောင်ပြောင်တဲ့ ပုံစံမျိုး လုပ်ပြခဲ့ပြီး ပရိသတ်တွေက ဒါကို ပြစ်တင်ဝေဖန်နေကြတာပါ။ ပရိသတ်တွေက “အမ်ဘာပေက လုံးဝကို အဆင့်အတန်းမရှိတဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တာပါ။ သူက ဒိုင်ဗင်ထိုးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဗာတွန်ဂန်က ထိပ်တိုက်တွေ့ခဲ့တာပေါ့”
“ဒီပွဲမှာ အမ်ဘာပေက ဒိုင်ဗင်ထိုးရုံကလွဲပြီး ဘာမှမလုပ်ခဲ့ပါဘူး။ ပြီးတော့ ဗာတွန်ဂန်ကို သွားလှောင်ပြောင်ပါတယ်။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့လုပ်ရပ်ပါ” လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ပေါ်တူဂီနဲ့ချက်တို့ရဲ့ အုပ်စုပွဲစဉ်မှာတုန်းကလည်း ပေါ်တူဂီ နောက်ကျ အနိုင်ဂိုးရသွားချိန်မှာ ရော်နယ်ဒိုက ချက်ဂိုးသမားကို အခုလိုမျိုး လှောင်ပြောင်ခဲ့ဖူးလို့ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။