မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟွိုက်စ်လန်းကတော့ ဖေဖော်ဝါရီလရဲ့ တလတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။ ပထမဆုံးအကြိမ်အဖြစ် သူ ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပြသမှုတွေအတွက် ထိုက်တန်တဲ့ ဆုလို့ ဆိုရပါလိမ့်မယ်။
ဖေဖော်ဝါရီလအတွင်း ဟွိုက်စ်လန်းက ယူနိုက်တက်အတွက် ၄ ပွဲကစားပေးခဲ့ပြီး ၅ဂိုးသွင်းကာ တကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နိုင်ပွဲတွေမှာ သူက အဓိကကျခဲ့ပြီး ဂိုးသွင်းစံချိန်သစ်တွေကိုပါ တင်နိုင်ခဲ့ပါတယ်။
ဟွိုက်စ်လန်းက ယူနိုက်တက်အတွက် အဝေးကွင်းမှာ ဂိုးအမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ၆ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့တာပါ။
လက်ရှိမှာ ဒဏ်ရာကြောင့် ဒိန်းမတ်တိုက်စစ်မှူးက အနားယူနေရပါတယ်။ သူမကစားနိုင်ချိန်မှာ ယူနိုက်တက်တိုက်စစ်ပိုင်းက အားနည်းသွားခဲ့ပြီး ဂိုးရဖို့ရာ ရုန်းကန်ခဲ့ရသလို ရလဒ်တွေပါ ဆိုးရွားနေခဲ့ပါတယ်။ ဒါပေမယ့် ဟွိုက်စ်လန်းဟာ ယူနိုက်တက်အတွက် ဒီလအလယ်လောက်မှာ ပြန်ကစားပေးနိုင်မယ်လို့လည်း သိရပါတယ်။