Get French Football News ရဲ့ ဖော်ပြချက်အရ ဘတ်ပီဟာ အသင်းတွင်းမှာ ဗီတိုအာဏာသုံးပြီး နေမာရဲ့ အနာဂတ်ကို ဆုံးဖြတ်ခိုင်းနေပြီလို့ သိရပါတယ်။ အဆိုပါသတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဘတ်ပီက အသင်းတွင်းမှာ သူနဲ့အတူ တွဲဖက်ကစားဖို့အတွက်ကို နေမာနဲ့ မက်ဆီတို့ထဲက တဦးတည်းကိုသာ ရွေးချယ်ဖို့အတွက် အသင်းကို ဆုံးဖြတ်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။
ဒါဟာ နေမာနဲ့ ဘတ်ပီကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေရှိနေပြီဆိုတာကို ထင်ဟပ်လာစေခဲ့ပါတယ်။ ဒီရာသီမှာ နေမာက ခြေစွမ်းပြသနေပြီး မက်ဆီနဲ့လည်း အတွဲဖက်ဖက်ညီညီကစားနေတာဖြစ်ကာ ဘတ်ပီကတော့ ပြီးခဲ့တဲ့ မောင့်ပယ်လီယာနဲ့ပွဲမှာ မှ ဒဏ်ရာက ပြန်သက်သာလို့ ဝင်ကစားခဲ့ပြီး ပင်နယ်တီလွဲချော်ခဲ့ပေမယ့် ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ပီအက်စ်ဂျီက ၅-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲမှာ ပီအက်စ်ဂျီတို့ နောက်ထပ်တကြိမ်ပင်နယ်တီရခဲ့ချိန်မှာတော့ နေမာက ကန်သွင်းယူခဲ့ပါတယ်။ နေမာမကန်သွင်းခင်မှာ ပင်နယ်တီကန်မယ့်နားမှာ ဘတ်ပီလည်းရှိနေပြီး သူ ထပ်ကန်သွင်းဖို့ ပြောခဲ့သေးတယ်လို့ ယူဆရပါတယ်။ သူတို့နှစ်ဦးကြားမှာ နောက်ထပ် တင်းမာမှုတွေရှိလာတာကတော့ ဘတ်ပီရဲ့ အပြုအမူတွေကို ဝေဖန်ထားတဲ့ ပရိသတ်တဦးရဲ့ တွစ်တာပို့စ်ကို နေမာက Like ပေးခဲ့တာပါ။
အဆိုပါပရိသတ်က "အခုဆိုရင် ပီအက်စ်ဂျီမှာ ပင်နယ်တီကန်သွင်းမယ့် သူက ဘတ်ပီဖြစ်လာပါပြီ၊ ဒါက စာချုပ်ထဲမှာ ပါဝင်တဲ့အချက်ဖြစ်မယ်၊ ဘာလို့လဲဆိုတော့ နေမာရှိနေတဲ့ အသင်းမှာ ဘယ်သူမှ ပင်နယ်တီကန်ခွင့်ရမှာမှမဟုတ်တာ၊ ဘတ်ပီက ပီအက်စ်ဂျီကို ပိုင်ဆိုင်နေပြီ" လို့ ရေးသားခဲ့တာပါ။ ဒီလိုအဆင်မပြေမှုတွေရှိလာတဲ့နောက် ဘတ်ပီက နေမာကိုထားမလား၊ မက်ဆီကိုထားမလားဆိုတာကို ရွေးခိုင်းတာလို့ပဲ ယူဆရပါတယ်။
မောင့်ပယ်လီယာနဲ့ပွဲမှာ ဘတ်ပီက သူ့ကိုဘောလုံးမပေးလို့ တိုက်စစ်ဆင်နေချိန်မှာ ဆက်မလိုက်သွားဘဲ ကွင်းလယ်မှာ မတ်တပ်ရပ်နေခဲ့လို့လည်း ဝေဖန်ခံခဲ့ရပါသေးတယ်။ အဆိုပါအဖြစ်အပျက်မှာ သူသာ ပုံမှန်အတိုင်း ပြေးလွှားလိုက်ပါသွားမယ်ဆိုရင် ပီအက်စ်ဂျီတို့ ဂိုးရမယ့် အခွင့်အရေးရှိခဲ့မှာလည်းဖြစ်ပါတယ်။