ဒီမိုကရက်အမတ်တွေရဲ့ ဘီလျံနာတွေအပေါ် အခွန်တိုးကောက်မယ့် အစီအစဉ်ကို Tesla တည်ထောင်သူ အီလွန်မတ်စ်က ဝေဖန်လိုက်ပါတယ်။
Billionaire Income Tax (BIT) လို့ ခေါ်တဲ့ အော်ရီဂွန်အမတ် ရွန်ဝိုင်ဒန်ရဲ့ အခွန်အဆိုဟာ သူ့ရဲ့ အင်္ဂါဂြိုလ်ပေါ် လူနေနိုင်ရေးအစီအစဉ်အတွက် အခက်အခဲ ဖြစ်စေမယ်လို့လည်း ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ အီလွန်မတ်စ်က ဆိုပါတယ်။ BIT သာ အသက်ဝင်မယ်ဆိုရင် မတ်စ်ဟာ ဒေါ်လာ ဘီလျံ ၅၀ အထိ အခွန်ဆောင်ရဖို့ ရှိပါတယ်။ ဒီငွေနဲ့ဆို အင်္ဂါဂြိုလ်ပေါ် သွားမယ့် ဒုံးပျံထုတ်လုပ်ရေးတွေမှာ အသုံးချနိုင်မယ်လို့လည်း မတ်စ်ခက ပြောပါတယ်။
Photo: Fortune
"ကျွန်တော့်အစီအစဉ်က ငွေတွေကို အင်္ဂါဂြိုလ်ပေါ် လူသားတွေ ရောက်ရှိရေးမှာ သုံးဖို့နဲ့ အသိအမြင်အလင်းဆောင်ဖို့ပါ။"လို့ မတ်စ်က ကြာသာပတေးနေ့မှာ သူ့ရဲ့ Tweet ကနေ ကြေညာပါတယ်။
Bloomberg Billionaires Index အရ အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာဘီလျံ ၃၀၀ နီးပါး ရှိပြီး Tesla ရှယ်ယာနဲ့ SpaceX အာကာသယာဉ်ကုမ္ပဏီရှယ်ယာတွေကနေ အဓိက ဝင်ငွေရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့်ဟာ လက်ရှိမှာ ဒေါ်လာ ၁၉၆ ဘီလျံချမ်းသာတာ ဖြစ်လို့ မတ်စ်နဲ့ ချမ်းသာမှုကွာဟချက် ဒေါ်လာ ဘီလျံ ၁၀၀ နီးနီး ရှိနေပါတယ်။ BIT အရဆို ဘီဇော့စ်ဟာ ဒေါ်လာ ၄၄ ဘီလျံအထိ အခွန်ဆောင်ရနိုင်ပါတယ်။
အီလွန်မတ်စ်ဟာ အရင်ကတည်းက အင်္ဂါဂြိုလ်ပေါ် လူနေနိုင်ရေးအတွက် သူ့ပိုင်ပစ္စည်းဥစ္စာအားလုံး ရောင်းချမယ်လို့ ကြေညာထားသူလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်ထဲမှာ ဒီမိုကရက်အမတ်လည်း ဖြစ် ဆီးနတ်လွှတ်တော်ဘဏ္ဍာရေးကော်မတီဥက္ကဌလည်း ဖြစ်တဲ့ ဝိုင်ဒန်က အမေရိကန်ရဲ့အချမ်းသာဆုံး အခွန်ထမ်း ၇၀၀ ကို ပစ်မှတ်ထားတဲ့ BIT အခွန်အဆိုပြုချက်ကို ထုတ်ပြန်ခဲ့တာပါ။
BIT ဟာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဒေါ်လာ ၂ ထရီလီယံတန် Build Back Better ကမ်ပိန်းအတွက် ငွေထောက်ပံ့နိုင်ဖို့လည်း ရည်မှန်းထားတာပါ။ Build Back Better ဟာ ကလေးသူငယ်စောင့်ရှောက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး နဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်သွားမယ့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမိုကရက်တွေ ဦးဆောင်တင်ပြတဲ့ ဒီအဆိုပြုချက်ဟာ ကွန်ဂရက်မှာ အောင်မြင်ဖို့အလားအလာနည်းနေတယ်လို့လည်း ဆိုပါတယ်။
Photo: iqsdirectory
ဒီအဆိုပြုချက်ကို ပြိုင်ဘက်ရီပတ်ဘလစ်ကန်တွေအပြင် တချို့ဒီမိုကရက်တွေကလည်း လက်မခံချင်ကြဘူးလို့ Forbes က ဖော်ပြထားပါတယ်။ BIT အခွန်ဟာ ကာလရှည် ဝင်ငွေရမှုအပေါ် အခွန် ၂၃.၈% အထိ ဖြတ်မှာ ဖြစ်ပြီး သုံးနှစ်ဆက်တိုက် နှစ်စဉ် ဝင်ငွေ ဒေါ်လာသန်း ၁၀၀ ရှိသူနဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံရှိသူတွေကို အခွန်ကောက်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
"နောက်ဆုံး သူတို့မှာ တခြားလူတွေရဲ့ငွေတွေ ပြတ်ကုန်ပြီဆိုတော့ မင်းဘက် လှည့်လာပြီပေါ့"လို့ မတ်စ်က BIT အဆိုပြုချက်ထွက်လာပြီးနောက် Tweet တင်ခဲ့ပါတယ်။