လက်ရွေးစင်အနာဂတ်အတွက် ပြောကြားခဲ့တာပါ။

ယူနိုက်တက်နဲ့ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုက လာမယ့် ယူရို-၂၀၂၄ မှာလည်း ဆက်လက်ကစားသွားဦးမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။



အဆိုပါပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးဟာ လာမယ့်နိုဝင်ဘာမှာ ကျင်းပမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း အသင်းကို ဦးဆောင်သွားမှာပါ။ ဒါပေမယ့် ဒီပြိုင်ပွဲက ရော်နယ်ဒိုအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလား၊ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လာနိုင်တယ်လို့ ထင်မြင်ယူဆချက်တွေရှိခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အသက်က လက်ရှိအချိန်မှာ (၃၇) နှစ်ရှိနေပြီဖြစ်ပြီး သာမန်ကစားသမားတယောက်အတွက်တော့ အနားယူရမယ့်အချိန်ကိုတောင် ကျော်လွန်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီး အနာဂတ်အတွက်လည်း အခုလို ပြောကြားလာပါတယ်။ ရော်နယ်ဒိုက “နောက်ထပ် နှစ် အနည်းငယ်လောက် လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ကျနော် မျှော်လင့်ပါတယ်”

“ကျနော်က စိတ်ဓာတ်တက်ကြွနေဆဲဖြစ်ပြီး ရည်မှန်းချက်ကလည်း မြင့်မားနေဆဲပါ။ ကျနော့်ရဲ့ လက်ရွေးစင် ခရီးလမ်းက မပြီးဆုံးသေးပါဘူး။ ကျနော်တို့မှာ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေ အများကြီးရှိပါတယ်။ ကျနော် ကမ္ဘာ့ဖလားမှာရှိနေမှာဖြစ်သလို လာမယ့် ယူရိုမှာလည်း ဆက်ကစားသွားချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ယူရိုချန်ပီယံဆု၊ နေးရှင်းလိဂ် ချန်ပီယံဆုတို့ကို ဆွတ်ခူးခဲ့ပြီးပါပြီ။

လာမယ့် ယူရို-၂၀၂၄ ကျင်းပချိန်မှာ ဒီကစားသမားရဲ့ အသက်က (၃၉) နှစ်ရှိနေမှာဖြစ်ပြီး သူ့ရဲ့ လက်ရှိကြံ့ခိုင်မှုကိုသာ ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် လက်ရွေးစင်အသင်းမှာ နေရာတနေရာ သေချာပေါက်ရရှိနေဦးမှာပါ။ လက်ရှိဘောလုံးရာသီမှာတော့ ရော်နယ်ဒိုက ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသည့်တိုင် ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကတော့ ရော်နယ်ဒိုအတွက် ပုံမှန်ပွဲထွက်ခွင့်တနေရာ အာမခံချက်ပေးထားပါတယ်။ 

Share

Loading Next Article...
က္က