လိဒ်ယူနိက်တက်နဲ့ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်လာပြီး ခြေစွမ်းပြကစားခဲ့သလို အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့တဲ့ ဆန်ချိုအတွက် သူ ဂုဏ်ယူတယ်လို့ နည်းပြအဲရစ်တန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ ယူနိုက်တက်အတွက် လူစားဝင်လာပြီးနောက် ပြိုင်ဘက်ခံစစ်ကို အခက်တွေ့စေခဲ့ပြီး ယူနိုက်တက်ရှုံးပွဲကြုံမယ့်အရေးကနေ ကယ်တင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ပွဲမကစားရတာ ကြာမြင့်နေပြီဖြစ်တဲ့ ဆန်ချိုဟာ ခြေစွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းနေမှုကြောင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် ဆင်းခဲ့ရပြီး ကမ္ဘာ့ဖလားအပြီးမှာ သူ့ရဲ့ ဒုတိယမြောက်ပွဲအဖြစ် ဝင်ကစားပေးခဲ့ရတာပါ။ ဆန်ချိုက ဘယ်တောင်ပံကနေ လိဒ်ခံစစ်ကို ဖိအားပေးနိုင်ခဲ့ကာ အခွင့်အရေးရချိန်မှာ အဖိုးတန်ချေပဂိုးကို အပိုင်အနိုင် ကန်သွင်းပေးခဲ့ပြီး ၂-၂ ရလဒ်ဖြစ်စေခဲ့ပြီး ယူနိုက်တက်တို့ ၂ဂိုးပြတ်အရှုံးကနေ ပြန်အနိုင်ရနိုင်တဲ့ အခွင့်အရေးရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
တန်ဟက်ဂျ်က "အခွင့်အရေးတွေဆိုတာက သူ့လက်ထဲမှာပါ၊ တကယ်လို့ သူ လိုချင်တယ်ဆိုရင်တော့ လုပ်ပြနိုင်ရမှာပါ၊ ယုံကြည်ချက်အပြည့်နဲ့ သူ့ကစားပုံကို မြင်ရတာ ကျနော်တကယ်ကျေနပ်ပျော်ရွှင်မိတယ်၊ သူက ထူးခြားတဲ့ကစားသမားဆိုတာ ကျနော်တို့ သိပါတယ်၊ သူ့ဆီကနေ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လို့ ကျနော်အမြဲတမ်းတွေးထားပေမယ့် သူ ကြိုးစားအားထုတ်ရပါမယ်"
"ဒီထက်ပိုပြီးတော့ သူ ခြေစွမ်းပြဖို့ လှုံ့ဆော်ပေးပါမယ်၊ အထူးသဖြင့် သူ့အတွက် ကျနော်ကျေနပ်တယ်၊ အဲဒါက သူ့ကိုခွန်အားဖြစ်စေမှာပါ၊ ပွဲအစပိုင်းမှာ ကျနော်တို့ အရမ်းဆိုးရွားခဲ့ပြီး ဒီလိုမျိုး နှင်းဆီဒါဘီပွဲမှာ အသင့်ဖြစ်နေရမှာဖြစ်ပြီး တာဝန်လည်းယူရမှာပါ၊ ဒါကို မလုပ်နိုင်ခဲ့ဘူး၊ ပထမပိုင်းကစားပုံကို ကျနော်အရမ်းစိတ်ပျက်မိတယ်၊ ဒါပေမယ့် အရမ်းကောင်းတဲ့ သွင်းဂိုး နှစ်ဂိုး ပြန်ရအောင် တိုက်ပွဲဝင်နိုင်ခဲ့လို့လည်း ကျေနပ်မိတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဆန်ချိုကတော့ နယ်သာလန်အထိသွားကာ လေ့ကျင့်ခန်းဆင်းခဲ့ပြီး သူ့ကိုယ်သူပြန်လည်ထူထောင်ရေးတွေ လုပ်ခဲ့ရတာပါ။ ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေ ပျောက်ဆုံးနေခဲ့တဲ့ ဆန်ချိုဟာ မနေ့ကပွဲမှာ လူစားဝင်လာပြီးနောက် ဘောလုံးနဲ့အတူ ပြိုင်ဘက်ကို မကြာခဏကျော်ဖြတ်နိုင်ခဲ့ပြီး အရေးပါတဲ့ ပေးပို့မှုတွေ၊ အခွင့်အရေးဖန်တီးမှုတွေလုပ်နိုင်ခဲ့သလို အခွင့်အရေးရချိန်မှာ ချေပဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။