ပရီးမီးယားလိဂ်ဖလား ရခါနီးမှာ ဂွါဒီယိုလာက အခုလိုပဲပြောခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၆) ပွဲ (၇) ပွဲလောက်နိုင်ပြီး ချန်ပီယံဖြစ်တဲ့ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးထက် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့က ပိုမိုခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့တော့ အခြေအနေကောင်းနေပါတယ်။



မန်စီးတီးဟာ ရာသီပိတ်ပွဲမှာ ဗီလာကို အနိုင်ရတာနဲ့ ပြိုင်ဘက် လီဗာပူးရဲ့ ရလဒ်ကို စောင့်ကြည့်စရာ မလိုဘဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။ ဒါပေမယ့် မန်စီးတီးနဲ့လီဗာပူးအကြား တမှတ်သာ ကွာတာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ သရေတောင်ကျလို့မရပါဘူး။

ဗီလာနဲ့ ကစားရမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ထက် ပိုမိုခက်ခဲပါတယ်။ ရက်သတ္တပေါင်းများစွာ၊ ပွဲပေါင်းများစွာ၊ ဒဏ်ရာပြဿနာပေါင်းများစွာ၊ ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန်နဲ့ မတူညီတဲ့ အခြေအနေပေါင်းများစွာကို ဖြတ်သန်းနေရပါတယ်။ ဒီအသင်းက နောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ အောင်မြင်ခဲ့ပါတယ်”

“ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရတာက အဝတ်လဲခန်းထဲမှာ တရက်ပြီးတရက် အမြဲတမ်းဆိုသလို အပြောင်းအလဲဖြစ်နေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲက အရေးမကြီးဘူးလို့ ကျနော်မပြောပါဘူး။ လာမယ့်အပတ် ပဲရစ်မြို့မှာ ကျနော်တို့ရှိချင်တာပေါ့”

“ဒါပေမယ့် (၃၈) ပွဲလုံး အနိုင်ရတာထက် (၆) ပွဲ (၇) ပွဲလောက်နိုင်တာက ကွာခြားပါတယ်။ ကောင်းမွန်တဲ့အရသာတခုဆိုပေမယ့်လို့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗီလာနဲ့ရင်ဆိုင်မယ့်ပွဲအတွက်လည်း ဂွါဒီယိုလာက “ကျနော်တို့ကတော့ အနိုင်ရဖို့ပဲ ကစားမှာပါ။ ဒါပေမယ့် ကိုယ်မထိန်းချုပ်နိုင်တဲ့ အပိုင်းတွေတော့ ရှိဦးမှာပဲ”

“ပြီးခဲ့တဲ့လကလိုပဲ ကျနော်တို့ ကစားမှာပါ။ ဒီတပွဲအတွက်နဲ့တော့ ဘာမှအသစ်တွေ ပြောင်းလဲနေစရာ မလိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗီလာနည်းပြ ဂျရတ်က လီဗာပူးဂန္တဝင်ဟောင်းတယောက်ဖြစ်ပြီး လီဗာပူး ပရီးမီးယားလိဂ်ရအောင် ဂျရတ် ကူညီနိုင်မလားလို့လည်း ပရိသတ်တွေက စိတ်ဝင်စားနေပါတယ်။ 

Share

က္က