အမ်ဘာပေ စိတ်ဆိုးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့မောင့်ပယ်လီယာတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ အမ်ဘာပေရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေအတွက် ပြောစရာဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ အမ်ဘာပေက ပင်နယ်တီမဝင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အသင်းဖော်ကို စိတ်ဆိုးပြီး တိုက်စစ်ကို ဆက်မလိုက်ဘဲ မတ်တပ်ရပ်ကျန်ခဲ့ပါတယ်။



တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးရလာချိန်မှာ အမ်ဘာပေက သူ့ဆီပေးဖို့ ပြေးလမ်းကြောင်းဖွင့်ပေးနေပေမယ့် ဗစ်တင်ဟာကတော့ မက်ဆီထံကိုသာ ဘောလုံးပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ အမ်ဘာပေက စိတ်ဆိုးမာန်ဆိုးနဲ့ လက်ဟန်ခြေဟန်ပြပြီး တန်ပြန်တိုက်စစ်ကို ဆက်မလိုက်ဘဲ မတ်တပ်ရပ်နေခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ကစားကွက်ကတော့ ပုံမှန်အတိုင်းပဲ ထိထိရောက်ရောက်နဲ့ ပြိုင်ဘက်ဧရိယာထဲအထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒီအနေအထားမှာ နောက်ကလိုက်ပါလာတဲ့ ဟာကီမီက ဂိုးသမားရဲ့အဝေးထောင့်ထဲကို ကန်သွင်းခဲ့ပေမယ့် ဘောလုံးကတော့ ဂိုးလွန်ဘောသာဖြစ်သွားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် အမ်ဘာပေကတော့ အဲ့ဒီအချိန်ထိကို အသင်းရဲ့ကစားကွက်မှာ လိုက်ပါပူးပေါင်းခဲ့ခြင်းမရှိဘဲ ကွင်းလယ်မှာကျန်ရစ်ခဲ့ပါတယ်။


အမ်ဘာပေသာ ကစားကွက်နဲ့အတူ လိုက်ပါစီးမျောခဲ့ရင် သူ့အတွက် အပိုင်ပိတ်သွင်းခွင့်တောင်ရနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူ့အခွင့်အရေးကို သူကိုယ်တိုင် လွှင့်ပစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ပရိသတ်တွေကလည်း အမ်ဘာပေရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။ အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက် နည်းပြ၊ အားကစားဒါရိုက်တာ၊ အသင်းဖော်တွေထက် ခေါင်းတလုံးပိုမြင့်တဲ့ အနေအထားမျိုးကို ရောက်ရှိနေတာပါ။

ဒီဖြစ်ရပ်က သူ့ရဲ့အတ္တကို မီးမောင်းထိုးပြနေပြီး ပရိသတ်တွေကတော့ “အဲ့ဒီလိုလုပ်ပြီးပြီးချင်း သူ့ကို ချက်ချင်း လူစားလဲပစ်ရမှာပါ” “ရင့်ကျက်ပြီး နှိမ့်နှိမ့်ချချနေသင့်နေပြီ” “ဒီလိုမျိုး ခံယူချက်က အဆိပ်အတောက်ပါပဲ။ ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေဟာ ဒီပွဲမှာ တဂိုးတော့ သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာလည်း ပီအက်စ်ဂျီက မောင့်ပယ်လီယာကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က