အစောပိုင်းက သုတေသနပိုင်းအတွက် ယွမ် ဘီလျံ ၅၀ သုံးမယ်လို့ ကြေညာခဲ့တဲ့ Xiaomi ဟာ R&D အသုံးစရိတ်ကို နှစ်ဆကျော် တိုးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်စမတ်ဖုန်းနည်းပညာကုမ္ပဏီ Xiaomi ဟာ စမတ်ဖုန်းအပြင် ကားနဲ့ လူသုံးကုန်အီလက်ထရွန်းနစ်ထုတ်ကုန်ပိုင်းပါ တိုးချဲ့အာရုံစိုက်လာနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က Xiaomi ဟာ နောက် ၅ နှစ်အတွင်း R&D လို့ခေါ်တဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးအတွက် ယွမ် ဘီလျံ ၅၀ ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာခဲ့တာပါ။ လက်ရှိမှာ Xiaomi ဟာ အင်ဂျင်နီယာပေါင်း ၁၆၀၀၀ ကျော် ခန့်အပ်ထားပြီး နှစ်နှစ်အတွင်း ယွမ် ၂၂ ဘီလျံ ရင်းနှီးမြှပ်နှံပြီးပြီလို့ ဆိုပါတယ်။
Photo: truescoopnews
Xiaomi ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌ လေဂျန်ရဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ကြေညာချက်ထဲမှာ ကုမ္ပဏီဟာ R&D ပိုင်းအတွက် နောက် ၅ နှစ်အတွင်း ယွမ် ဘီလျံ ၁၀၀ (ဒေါ်လာ ၁၅ ဘီလျံ) အထိ ရင်းနှီးမြှပ်နှံမယ်လို့ ဖော်ပြထားပါတယ်။ R&D ပိုင်းမှာ ရင်းနှီးမြှပ်နှံမှု တိုးချဲ့လာမှုရဲ့ အသီးအပွင့်တွေကို နောက်ဆုံးပေါ် Xiaomi ထုတ်ကုန်တွေမှာ တွေ့မြင်လာရပါတယ်။
ဒီရက်ပိုင်း မိတ်ဆက်သွားတဲ့ Xiaomi 12 ဖုန်းကင်မရာတွေမှာ ကုမ္ပဏီရဲ့ကိုယ်ပိုင် အရာဝတ္ထုထောက်လှမ်းမှုနဲ့ ပုံရိပ်ဖော်ဆောင်မှု မြန်နှုန်းတွေ ပါဝင်တဲ့ CyberFocus နဲ့ Image Braing နည်းပညာတွေ မြင်တွေ့လာရပါတယ်။ ဒေါ်လာ ၁၅ ဘီလျံ သုတေသနရံပုံငွေဟာ စမတ်ဖုန်းနည်းပညာပိုင်းအပြင် Xiaomi ရဲ့ တခြားစီးပွားရေးတွေဖြစ်တဲ့ စမတ်အိမ်သုံး ထုတ်ကုန်တွေနဲ့ လျှပ်စစ်မော်တော်ယာဉ်နည်းပညာပိုင်းတွေအတွက်ပါ အသုံးချသွားဖို့ ရှိပါတယ်။