လီဗာပူးလ်နဲ့ပွဲမှာ အာဆင်နယ်တို့ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီးခါမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ ဒီပွဲကို သရေကျခဲ့တာကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် ၁ပွဲပိုကစားထားပြီး ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပေမယ့်လည်း ဖိအားတွေရှိလာခဲ့ပြီး မန်စီးတီးကသာ ပွဲကျန်အနိုင်ရခဲ့မယ်ဆိုရင် ၃ မှတ်သာကွာဟတော့မှာဖြစ်ပြီး သူတို့နှစ်သင်းကြားမှာ ထိပ်တိုက်ကစားရဥိးမယ့် ပွဲစဉ်ရှိသေးလို့ အမှတ်ပေးဖလားအတွက် အကြိတ်အနယ်ဖြစ်လာဖို့ရှိနေပါတယ်။
အန်ဖီးလ်မှာ သရေသာရခဲ့လို့ မကျေမနပ်ဖြစ်စရာရှိခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အာဆင်နယ်ဟာ ဂိုးသမားရမ့်စ်ဒေးလ်သာ မကယ်တင်ခဲ့ဘူးဆိုရင် ရှုံးပွဲတောင် တွေ့သွားနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ရမ့်စ်ဒေးလ်ဟာ ဒုတိယပိုင်းမှာ သေချာပေါက်ဂိုးပေးရနိုင်တဲ့ ကန်သွင်းမှု ၂ ခုကို ကာကွယ်နိုင်ခဲ့ပြီး သူ့ရဲ့ လက်စွမ်းက ကမ္ဘာ့အဆင့်လက်စွမ်းလို့ အားလုံးရဲ့ ချီးကျူးမှုကို ရရှိနေကာ သူ မကယ်တင်ရင် အာဆင်နယ်တို့ အခြေအနေဆိုးရွားလိမ့်မယ်လို့ပါ မှတ်ချက်ပြုနေကြပါတယ်။
အင်္ဂလန်ဂိုးသမားဟာ ဆာလာရဲ့ ကန်သွင်းချက်က အသင်းဖော်နောက်ခံလူနဲ့ထိပြီး ဂိုးအပေါ်ညာဘက်ထောင့်ဆီ တန်းတန်းမတ်မတ်ရောက်ကာ ဂိုးဝင်တော့မယ်လို့ ထင်ရမယ့် အလုံးကို လှလှပပ ပုတ်ထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ်မှာလည်း ကိုနာတီရဲ့ အနီးကပ်ပိတ်သွင်းယူမှုကို ပုတ်ထုတ်နိုင်ခဲ့ပြီး အာဆင်နယ်တို့ ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ကာ ပွဲကိုတင်ဆက်ပေးနေတဲ့ ဂယ်ရီနဗီးလ်နဲ့ ဂျင်မီကာရေဂါတို့ပါ သူ့လက်စွမ်းအပေါ်မှာ အသိအမှတ်ပြုသွားခဲ့ရပါတယ်။
ပရိသတ်တွေကလည်း "ရမ့်စ်ဒေးလ်ဆီက ကမ္ဘာ့အဆင့်ကာကွယ်မှု ၂ကြိမ်ပဲ၊ ဒီရာသီ အာဆင်နယ်အတွက် လုံး၀ကို အရေးကြီးတယ်" ၊ "ဒီရာသီအကောင်းဆုံးကာကွယ်မှုပဲ၊ ဒါက ငါတို့အသင်းကို အမှတ်ပေးဖလားပါ ရသွားစေနိုင်ပါတယ်" ၊ "ရမ့်စ်ဒေးလ်ကို ကျေးဇူးတင်တယ်၊ အရမ်းကြမ်းတမ်းတဲ့ကွင်းမှာ အမှတ်ယူနိုင်ခဲ့တယ်" ၊ "ဒီနေ့မှာ ရမ့်စ်ဒေးလ်က ကမ္ဘာ့အဆင့်ပဲ၊ သူ အများအပြားကာကွယ်နိုင်ခဲ့ပြီး သူ့အတွက် ၃ မှတ်ထိုက်တန်ခဲ့ပါတယ်" ၊ "အာဆင်နယ် အမှတ်ပေးဖလားရခဲ့မယ်ဆိုရင် အဲဒါက ရမ့်စ်ဒေးလ်ကြောင့်ပဲ၊ တရာသီလုံးကို သူ လုပ်ပြနေတာ" လို့ ချီးကျူးခဲ့ကြပါတယ်။