အီလွန်မတ်စ်ဖခင်က ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးဖြစ်တဲ့ သူ့သားအတွက် ဂုဏ်မယူဘူးလို့ အင်တာဗျူးမှာ ပြောသွားပါတယ်။
ဩစတြေးလျရေဒီယိုအသံလွှင့်ရုံ KIIS FM ရဲ့ Kyle and Jackie O's Show နဲ့ အင်တာဗျူးတစ်ခုမှာ အသက် ၇၆ နှစ်အရွယ် အာရိုးမတ်စ်က ပြောခဲ့တာပါ။ မိနစ် ၂၀ ကြာ အင်တာဗျူးမှာ အာရိုးမတ်စ်ဟာ သူ့သားတွေ ဖြစ်တဲ့ Tesla သူဌေး အီလွန်မတ်စ်နဲ့ သူ့ညီ ကင်မ်ဘယ်အပါအဝင် မတ်စ်မိသားစုတွေအကြောင်း ပြောသွားခဲ့ပါတယ်။ အင်တာဗျူးမှာ သူ့အနေနဲ့ အီလွန်မတ်စ်အတွက် ဂုဏ်ယူခြင်း မရှိဘဲ အငယ်ကောင် ကင်မ်ဘယ်ကပဲ သူ့ကို ဂုဏ်ယူပျော်ရွှင်စေတဲ့ သူလို့ ဆိုပါတယ်။ ကင်မ်ဘယ်က စားသောက်ဆိုင်ပိုင်ရှင်နဲ့ စားဖိုမှူးတစ်ဦးဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၇၀၀ လောက် ချမ်းသာသူပါ။
"ခင်ဗျားသားက တကယ့်ပါရမီရှင်တစ်ဦးပါ။ ပိုက်ဆံတွေလည်း အများကြီး ပိုင်ဆိုင်တယ်။ အများကြီးလည်း ဖန်တီးခဲ့တာတွေ ရှိတယ်။ ဒါတွေကို သူ့ဆီကနေ ခင်ဗျားယူလို့ မရနိုင်ဘူးလေ။ အဲ့ဒါကို ဂုဏ်ယူမိလား" လို့ အစီအစဉ်တင်ဆက်သူ ဂျက်ကီအိုက အာရိုးကို မေးပါတယ်။
"ဟင့်အင်း ကျုပ်ဂုဏ်မယူပါဘူး။ ကျုပ်ပြောချင်တာ ခင်ဗျားသိမှာပါ။ ကျုပ်တို့မိသားစုက ဟိုးအရင့်အရင်ကတည်းက အများကြီး လုပ်လာခဲ့ရတာ။ အခုမှ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ မိသားစုတစ်ခုအနေနဲ့ ကိစ္စအားလုံးကို ဟိုးအစ ခြေကချည်းလက်ချည်းက စလုပ်ခဲ့တာပါ။"လို့ အာရိုးက ပြောပါတယ်။
မတ်စ်ဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးရမယ့်ကိစ္စတွေ မပြီးတဲ့အတွက်လည်း မပျော်မရွှင်ဖြစ်နေတယ်လို့ အာရိုးက ပြောပါတယ်။ "တိုးတက်မှုနှုန်းအပေါ် သူက ဒေါသထွက်နေတယ်။ အဲ့ဒီအချက်က နားလည်ပေးနိုင်ပါတယ်။ အခုလိုပြောတာ ရူးကြောင်ကြောင်နိုင်တယ် ထင်ကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒါကို မိသားစုတစ်ခုလို တွေးရတာ ပိုကြိုက်တယ်။ သူက အခုဆို အသက် ၅၀ ၊ ကျွန်တော်ဆို သူ့ကို ကလေးတစ်ယောက်လိုပဲ ထင်နေတုန်း။ ဒါပေမယ့် သူ့အသက်က ၅၀ လေ ဆိုလိုတာက အဖိုးကြီးတစ်ယောက်ပေါ့။"
အာရိုးရဲ့ ပထမဇနီး မေယီမတ်စ်နဲ့ လက်ထပ်စဉ်က အီလွန်မတ်စ် ၊ တော့စ်ကာ နဲ့ ကင်မ်ဘယ်မတ်စ်ဆိုပြီး သားသမီး ၃ ဦး ရခဲ့တာပါ။ ဒီကလေးတွေ ငယ်ငယ်ကတည်းက သူတို့မိသားစုဟာ တရုတ် နဲ့ အမေဇုံမိုးသစ်သောလိုမျိုး နေရာတွေ သွားလည်ခဲ့ပြီး ကမ္ဘာတလွှားခရီးသွားခဲ့တဲ့အကြောင်းလည်း အာရိုးက ပြန်ပြောပြပါတယ်။ "သူတို့ အများကြီး မြင်ပြီးသွားပြီ။ အတူတူပေါင်းပြီး အရာတွေအများကြီးလည်း ကျုပ်တို့ လုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် အီလွန်မှာ တခြားလူတွေထက် သာလွန်ထူးခြားတာတွေ ရှိနေပါတယ်။" လို့လည်း ဆိုပါတယ်။
ဇနီးဖြစ်သူ ခရစ္စတီးနား ဝှိုင်းလ်နဲ့ ကာလရှည်လက်တွဲခဲ့တဲ့ သူ့သားငယ် ကင်မ်ဘယ်ကို ချီးကျူးခဲ့ပြီး သူ့အတွက် အလုပ်အကိုင် စွန့်လွှတ်မယ့် အိမ်ထောင်ဘက်ရှာမတွေ့နိုင်သေးတဲ့ အီလွန်မတ်စ်အတွက် စိတ်ပူကြောင်းလည်း ပြောခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ ဇနီးနဲ့ ရည်းစားဟောင်းတွေနဲ့ ပေါင်းသင်းခဲ့စဉ်က ကလေး ၉ ယောက်ရခဲ့ပေမယ့် လက်ရှိမှာ တရားဝင်ဇနီးမယားမထားဘဲ တစ်ကိုယ်တော် ဖြတ်သန်းနေပါတယ်။
အီလွန်မတ်စ်ဟာ သူ့မိတ်ဆွေ Google တည်ထောင်သူ ဆာဂီဘရင်းရဲ့ ဇနီးနဲ့ ကြိုက်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီသတင်းကြောင့် ဘရင်းနဲ့ သူ့ဇနီး နီကိုး ရှာနာဟန်တို့ အိမ်ထောင်ရေးကွာရှင်းပြတ်စဲခဲ့ရတယ်လို့လည်း The Wall Street Journal က ဖော်ပြခဲ့ပါတယ်။ The Wall Street Journal ရဲ့ သတင်းထဲမှာ မတ်စ်ဟာ သူ့အမှားအတွက် ဘရင်းကို သွားပြီး တောင်းပန်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ မတ်စ်ဟာ သူနဲ့ ရှာနာဟန်တို့ ကြိုက်နေကြောင်း မဟုတ်မမှန် သတင်းရေးခဲ့တဲ့ The Wall Street Journal ကို တရားစွဲဖို့ ရှာနာဟန်ကို တိုက်တွန်းတဲ့ Tweet တစ်ခု တင်ခဲ့ပါတယ်။
SpaceX သူဌေး အီလွန်မတ်စ်ဟာ မကြာသေးခင်ကပဲ သူ့ကုမ္ပဏီ Neuralink ရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်သူ ရှီဗွန် ဇီးလစ်နဲ့ ချစ်ကြိုက်ပြီး အမွှာကလေး ၂ ဦး ရထားတယ်လို့ သတင်းတွေ ထွက်ထားသူ ဖြစ်ပါတယ်။ အီလွန်မတ်စ်ဟာ ရည်းစားဟောင်း ကနေဒါအဆိုတော် Grimes နဲ့လည်း ကလေး ၂ ဦး ရထားသလို ဇနီးဟောင်း စာရေးဆရာမ ဂျက်စတင် ဝီလ်ဆင်နဲ့ သားသမီး ၅ ဦး ( နှစ်မွှာပူး - ဂရစ်ဖင် ၊ ဇာဗီယာ နဲ့ သုံးမွှာပူး - ဒါမီယန် ၊ ဆက်ဇွန် နဲ့ ခိုင်) ဆိုပြီး သားသမီး ၅ ဦး စုစုပေါင်း သားသမီး ၉ ဦး ရထားပါတယ်။
အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူ အာရိုးမတ်စ်ကလည်း အချစ်ရေးကိစ္စတွေမှာ သတင်းကြီးသူ ဖြစ်ပါတယ်။ အာရိုးမတ်စ်ဟာ သူ့ထက် အသက် ၄၀ ကျော် ငယ်ထဲ့ ဒုတိယမယားရဲ့ သမီးဖြစ်သူ ဂျာနာ ဘူဇီဒန်ဟောက်နဲ့ ၂၀၁၉ ခုနှစ်မှာ ဒုတိယမြောက် ကလေး ရထားသူ ဖြစ်ပါတယ်။ ၁၉၇၉ မှာ အီလွန်မတ်စ်ရဲ့ မိခင် မာယီ ဟယ်ဒီမန်မတ်စ်နဲ့ ကွာရှင်းပြတ်စဲပြီးနောက် အာရိုးမတ်စ်ဟာ ဟိုင်ဒီ ဘူစီဒန်ဟောက်နဲ့ လက်ထပ်လိုက်တာပါ။ အာရိုးမတ်စ်ဟာ ဟိုင်ဒီ ဘူစီဒန်ဟောက်စ်နဲ့ ၁၈ နှစ်ပေါင်းသင်းခဲ့ရာက သားသမီး ၂ ဦး ရခဲ့ပြီး ၂၀၁၇ မှာ ဟိုင်ဒီ ဘူစီဒန်ဟောက်ရဲ့ သမီး ဂျာနာနဲ့ ကလေးရခဲ့တယ်လို့လည်း သိရပါတယ်။