မာနေးရဲ့ သူငယ်ချင်းကိုပါ ဘိုင်ယန်မြူးနစ်က ခေါ်ယူလိုက်တာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေးကတော့ သူ့ရဲ့သူငယ်ချင်းတယောက်ဖြစ်တဲ့ ဆက်ဂ်ဘီကိုပါ ဘိုင်ယန်မြူးနစ်မှာ ကစားခွင့်ရရှိအောင်၊ စာချုပ်ချုပ်ဆိုခွင့်ရရှိအောင် ဆောင်ရွက်ပေးလိုက်တယ်လို့ သိရှိရပါတယ်။ မာနေးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပူပူနွေးနွေး ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။



မာနေးနဲ့ ဘီနင်နိုင်ငံသား ဆက်ဂ်ဘီတို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး မာနေးရဲ့ဘဝအတွက် ဆက်ဂ်ဘီက အရေးပါဆုံးသူငယ်ချင်းတယောက်ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ဟာ ဆီနီဂေါနိုင်ငံက ဘောလုံးအကယ်ဒမီတခုမှာ အတူတူတက်ရောက်ခဲ့ကြပြီး နှစ်ယောက်သားရဲ့ ကစားသမားဘဝ အနေအထားကတော့ ကွဲပြားခြားနားမှု ကြီးမားခဲ့ကြပါတယ်။

ဆက်ဂ်ဘီဟာ ပြီးခဲ့တဲ့ဇူလိုင်ကစလို့ အသင်းလက်မဲ့ဖြစ်ခဲ့ရတဲ့နောက် မာနေးက သူ့သူငယ်ချင်းအရင်းကြီးကို ဘိုင်ယန်မြူးနစ်အရံအသင်းမှာ ကစားခွင့်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဆက်ဂ်ဘီဟာ တိုက်စစ်မှူးတယောက်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ (၂) နှစ် စာချုပ်နဲ့ရှိနေမယ်လို့ သိရှိရပါတယ်။

မာနေးရဲ့ အရင်ကပြုလုပ်ခဲ့ဖူးတဲ့ အင်တာဗျူးတွေမှာလည်း ဆက်ဂ်ဘီက သူ့အတွက် အရေးပါတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ကြောင်း မာနေးက ပြောကြားခဲ့ဖူးပါတယ်။ မာနေးက ဆက်ဂ်ဘီကို သူ့အသင်းဆီ ခေါ်ယူခဲ့တာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ မာနေးတယောက် မက်ဇ်ကို ပြောင်းရွှေ့ချိန်မှာလည်း ဆက်ဂ်ဘီကို အသင်းနဲ့ ခြေစွမ်းစမ်းသပ်ခွင့်ရရှိအောင် တောင်းဆိုပေးခဲ့ပြီး မက်ဇ် B အသင်းမှာ ဆက်ဂ်ဘီ ကစားခွင့်ရရှိခဲ့ပါတယ်။

မာနေး သြစတြီးယားကို ပြောင်းရွှေ့သွားချိန်မှာလည်း ဆက်ဂ်ဘီက ပြင်သစ်မှာ ကျန်ရစ်ခဲ့ပြီး မာနေး လီဗာပူးမှာ ကစားနေချိန် (၂၀၁၉) မှာတော့ ဆက်ဂ်ဘီက အိုလ်ဟမ်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုချိန်မှာတော့ သူငယ်ချင်းနှစ်ယောက် အနေအထား ကွာဟနေဆဲဆိုပေမယ့် တသင်းတည်းမှာပဲ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က