နှစ်ဖက်အသင်းသားတွေ ရန်ဖြစ်နေချိန် ကက်စ်မဲရိုးက ပါးပါးနပ်နပ်ပဲနေနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ဘာစီလိုနာကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းပြီး ၂-၁ နဲ့ အနိုင်ကစားကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ လီဝန်ဒေါစကီးက ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ယူနိုက်တက်အတွက် ဖရက်ဒ်က ချေပဂိုးသွင်းကာ အန်တိုနီက အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ နှစ်ဖက်အသင်းသားတွေကြားမှာ မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားခဲ့ပါတယ်။ ပထမတကြိမ်မှာတော့ ဒီဂျောင်လဲကျသွားချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ဘောလုံးကို ပိတ်ကန်ရာမှာ ဒီဂျောင်ကို ထိမှန်ခဲ့လို့ ဘာစီလိုနာအသင်းသားတွေက တမင်သက်သက်ကန်တယ်လို့ ယူဆကာ ဖာနန်ဒက်စ်ကို ဝိုင်းဝန်းရန်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ဒါကြောင့် ယူနိုက်တက်ကစားသမားတွေကလည်း ဖာနန်ဒက်စ်ကို ရန်မပြုနိုင်အောင် ကြားဝင်ဟန့်တားပေးခဲ့ရပါတယ်။ ဒီအချိန်မှာတော့ ထူးထူးခြားခြားဆိုသလိုပါပဲ၊ ကွင်းလယ်လူကြမ်းကြီးတဦးဖြစ်တဲ့ ကက်စ်မဲရိုးကတော့ ရန်ပွဲက သူနဲ့မဆိုင်သလိုဘဲ ဘေးနားမှာရှိနေခဲ့ကာ လုံး၀ပါဝင်ပတ်သက်ခြင်းမရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ ကက်စ်မဲရိုးရဲ့ အဖြစ်အပျက်ကို ရယ်မောခဲ့ကြပြီး စနောက်နေကြပါတယ်။ ကက်စ်မဲရိုးဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ခဲ့စဉ်က အခုလိုပဲ နှစ်ဖက်အသင်းကြားရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ပွဲထဲဝင်ပါခဲ့ပြီး ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်လို့ဆိုကာ အနီကတ်ပြသခံခဲ့ရဖူးပြီး အခုမှသာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီတကြိမ်ရန်ပွဲတွေမှာ​တော့ ကက်စ်မဲရိုးက အသင်းဖော်တွေနဲ့အတူတူ ပါဝင်တာမျိုးမရှိတော့ဘဲ သူ ဝင်ပါရင် အနီကတ်ထိမှာကို တွေးပြီး ဘေးမှာပဲ နေနေခဲ့တယ်လို့ ပရိသတ်တွေက စနောက်နေကြပါတယ်။ ပုံမှန်အားဖြင့် ပြိုင်ဘက်ကစားသမားတွေနဲ့ အသင်းဖော်တွေကြား ဒီလိုဖြစ်တိုင်း ရှေ့ဆုံးကရှိနေတဲ့ သူ့ကို အဲဒီလိုမမြင်တွေ့ရတာလည်း တမျိုးတမည်ဖြစ်နေခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က