ဒီတပတ်ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ရလဒ်ဆိုးတွေကို ပြောင်းလဲပစ်မယ်လို့ ဘာစီလိုနာနည်းပြဇာဗီက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ်နဲ့ ဘာကာက အဝေးကွင်းမှာ ဘိုင်ယန်ကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၈ ကြိမ်စလုံးမှာ အနိုင်မရခဲ့တဲ့ စံချိန်ဆိုးကို ချေဖျက်နိုင်ဖို့ ဇာဗီက ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။
"ဘိုင်ယန်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ဘာစီလိုနာက အများကြီး အပြောင်းအလဲဖြစ်သွားပါပြီ၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမှာပါ၊ ကစားသမားတွေကိုလည်း ဒါက ဘာစီလိုနာ၊ ငါတို့ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်လာတာကို ပြသရမယ်လို့ ကျနော်ပြောထားတယ်၊ ဒီရာသီနိုင်ပွဲတွေက ကျနော်တို့ကို ယုံကြည်မှုတွေ ပေးပါတယ်၊ ကျနော်တို့ ဒီပွဲအတွက် စိတ်လှုပ်ရှားနေပြီး ဘိုင်ယန်ကို အနိုင်ယူနိုင်ပါတယ်"
"မကောင်းတဲ့သမိုင်းကြောင်းကိုလည်း ပြောင်းလဲပစ်သွားမှာပါ၊ သူတို့မှာ လူငယ်ကစားသမားကောင်းတွေရှိတယ်၊ မတူညီတာတွေကို လုပ်ပြနိုင်တဲ့သူတွေပါ၊ ကျနော်တို့ နှိမ့်ချပြီးတော့ ဆိုးရွားတဲ့အချိန်ကာလတွေကို အမှတ်ရနေဖို့လိုပါတယ်၊ ဒါမှ သူတို့ကိုအနိုင်ယူနိုင်မှာပါ" လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။
ဘာကာကတော့ ဇာဗီလက်ထက်မှာ သိသိသာသာတိုးတက်လာခဲ့ပြီး ဒီရာသီလာလီဂါမှာလည်း ခြေစွမ်းပြနေပါတယ်။ အဖွင့်ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် နောက်ပိုင်းပွဲတွေအားလုံးမှာ တပွဲကိုအနည်းဆုံး ၃ ဂိုးနှုန်းသွင်းပြီး နိုင်ပွဲတွေဆက်တိုက်ရရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။