ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက အထောက်အကူမဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြကြီးယာဂင်ကလော့ပ်က ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဂါဘရီရယ်ဂျီးဆပ်ကလည်း ပင်နယ်တီရဖို့ ဒိုက်ထိုးခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒ့ါအပြင် လီဗာပူးလ်က အမှတ်ပေးဖလားလမ်းကြောင်းပေါ်မှာ မရှိတော့ဘူးဆိုတာကိုလည်း ကလော့ပ်က ဝန်ခံသွားခဲ့ပါတယ်။ 

လက်ရှိမှာ လီဗာပူးလ်က အာဆင်နယ်နဲ့ ၁၄ မှတ်အထိ ကွာဟသွားကာ အဆင့် ၁၀ နေရာမှာရပ်တည်နေပြီဖြစ်ပါတယ်။ ဒီရာသီမှာ ၈ပွဲကစားအပြီး ၁၀ မှတ်သာရရှိထားကာ လီဗာပူးလ်ရဲ့ ရလဒ်တွေကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။ မနေ့ကပွဲမှာလည်း အာဆင်နယ်ကို ပင်နယ်တီကနေ အနိုင်ဂိုးခွင့်ပြုခဲ့ရပြီး အာဆင်နယ်ဘက်က ဂါဘရီရယ် ဧရိယာအတွင်း လက်နဲ့ထိခဲ့တာကို ပင်နယ်တီမရခဲ့လို့လည်း အသင်းပရိသတ်တွေ ဒေါသထွက်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ကလော့ပ်က သီယာဂိုနဲ့ ဂျီးဆပ်တို့ထိတွေ့မှုကနေ ပင်နယ်တီပေးခဲ့ရတာနဲ့ပတ်သက်ပြီး "ကွင်းလယ်ဒိုင်က ချက်ချင်းပဲ ပင်နယ်တီလို့သတ်မှတ်လိုက်တယ်၊ စိတ်ဝင်စားစရာပါပဲ၊ ဒါပေမယ့် ဒါက သူ့ဆုံးဖြတ်ချက်ပါပဲ၊ var ကလည်း ဒါကို ပင်နယ်တီလို့ သတ်မှတ်ခဲ့ပုံပါပဲ၊ ဒီတော့ ဒိုင်လူကြီးနှစ်ယောက်က ပင်နယ်တီလို့ အတူတူဆုံးဖြတ်ခဲ့ပြီး ဒါက ကျနော်တို့နေထိုင်ရှင်သန်သွားရမယ့် အမှန်တရားဖြစ်ခဲ့တယ်"

'သီယာဂိုနဲ့ ဂျီးဆပ်တို့ ထိတွေ့မှုမှာဆိုရင် ပင်နယ်တီပေးရမလားဆိုတာတော့ ကျနော်သေချာမသိဘူး၊ ပြင်းပြင်းထန်ထန်ထိခိုက်မိတာမျိုးမဟုတ်တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ကစားသမားကတော့ သူ့ခြေထောက်နှစ်ဖက်ကို ကိုင်ပြီးတော့ လှဲနေခဲ့တယ်၊ ဒါက တခုခုဖြစ်နိုင်တယ်ဆိုတဲ့ အရိပ်အယောင်ပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ကလော့ပ်ရဲ့ ဆိုလိုရင်းကတော့ ဂျီးဆပ်က တကယ်မနာကျင်ဘဲ ဟန်ဆောင်လှဲချခဲ့တယ်လို့ ပြောလိုက်တာပါ။ ဂျိုတာနဲ့ ဂါဘရီရယ်တို့ဘောလုံးယှဉ်လုရင်း လက်ထိသွားတာနဲ့ပတ်သက်ပြီးလည်း ကလော့ပ်က "ကျနော်တို့ အခြေအနေက အခုချိန်မှာ ခက်ခဲနေတယ်ဆိုတာ သိသာပါတယ်၊ ဒဏ်ရာပြသနာတွေရင်ဆိုင်နေရတာနဲ့တင် လုံလောက်နေပြီဆိုပေမယ့် ဒီလိုပွဲမျိုးမှာ ဒီဆုံးဖြတ်ချက်တွေက ကျနော်တို့ကိုဆန့်ကျင်နေပြီဆိုရင် ဒါက ပုံမှန်မဟုတ်ရင်တောင် အထောက်အကူတော့မဖြစ်ပါဘူး" လို့ ထပ်ပြောသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က