ဂါနာရော၊ ဥရုဂွေးပါ အုပ်စုအဆင့်ကနေထွက်ခဲ့ရတာဖြစ်ပါတယ်။

တောင်ကိုရီးယားက ပေါ်တူဂီကို နောက်ကျအနိုင်ဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပြီး တဖက်မှာတော့ ဥရုဂွေးက ဂါနာကို အနိုင်ရခဲ့ပေမယ့်လည်း တောင်ကိုရီးယားထက် ရဂိုးနည်းပါးခဲ့လို့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ဂါနာကလည်း ဥရုဂွေးနဲ့အတူ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရတာပါ။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဂါနာပရိသတ်တွေဟာ သူတို့အသင်းနဲ့အတူ ဥရုဂွေးပါ ပြိုင်ပွဲကထွက်ခဲ့ရတာကို အောင်ပွဲခံခဲ့ကြပါတယ်။ 



၂၀၁၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တုန်းက ဥရုဂွေးကို ဂါနာတို့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ထွက်ခဲ့ရဖူးပါတယ်။ သာမန်ပွဲကစားချိန်မှာ ဂါနာက အနိုင်ဂိုးရဖို့ သေချာနေချိန် ဆွာရက်ဇ်ရဲ့ လက်နဲ့ပုတ်ထုတ်မှုကြောင့် အနိုင်ဂိုးမရခဲ့ဘဲ ပင်နယ်တီကန်သွင်းခွင့်ရချိန်မှာလည်း လွဲချော်ခဲ့တာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဥရုဂွေးက အနိုင်ရပြီး ဂါနာတို့ အသည်းကွဲခဲ့ရပါတယ်။



အခု ၁၂ နှစ်အကြာမှာ ပြန်လည်ရင်ဆိုင်ရချိန် လက်စားချေဖို့ ဂါနာတို့ အားခဲခဲ့တာပါ။ ပွဲချိန်အတွင်းမှာ ဂါနာပင်နယ်တီရပေမယ့် အန်ဒရေအယူးရဲ့ ကန်ချက်ကို ဥရုဂွေးဂိုးသမားကာကွယ်ခဲ့ပါတယ်။ ဥရုဂွေးကလည်း ၂ ဂိုးဆက်တိုက်သွင်းယူပြီး နောက်တဆင့်တက်ဖို့အတွက် အခြေအနေကောင်းခဲ့ပေမယ့် အနိုင်ဂိုးတဂိုးထပ်လိုနေချိန်မှာ ဂိုးထပ်မရတော့သလို ဂါနာကလည်း ဥရုဂွေးကို ဂိုးမပ​ေးရအောင် တော်တော်လေးအားထည့်ကစားခဲ့ပါတယ်။ 

ဂါနာပရိသတ်တွေဟာ သူတို့အသင်းအရေးနိမ့်နေနေပေမယ့် သူတို့နဲ့အတူ ဥရုဂွေးကိုပါ အိမ်ပြန်စေချင်ခဲ့တာဖြစ်ပါတယ်။ ဂါနာနည်းပြကိုယ်တိုင်ကလည်း သူတို့အသင်းအရေးနိမ့်ဖို့ သေချာချိန်မှာ ဂိုးထပ်မပေးရဖို့အတွက် ပွဲပြိးခါနီး လူစားလဲလှယ်ပြီး အချိန်ဆွဲတဲ့ နည်းလမ်းမျိုးနဲ့အတူ တတ်နိုင်တဲ့နည်းလမ်းအကုန်သုံးပြီး ဥရုဂွေးကို ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။ 



ပွဲအပြီးမှာ တောင်ကိုရီးယားက နောက်တဆင့်ကို တက်ရောက်သွားခဲ့ချိန် ဂါနာပရိသတ်တွေက ကွင်းပြင်မှာ တောင်ကိုရီးယားအလံတွေ ဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြပါတယ်။ ဂါနာကစားသမားတွေကလည်း ဥရုဂွေးကို ရှုံးနိမ့်ခဲ့ပေမယ့် သူတို့လိုပဲ အိမ်ပြန်ရမှာမို့ ကျေနပ်တဲ့ဟန်တွေရှိနေခဲ့ကာ လွန်ခဲ့တဲ့ ၁၂ နှစ်က ရန်ကြွေးကို တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပြန်လက်စားချေနိုင်ခဲ့တယ်လို့ ပရိသတ်တွေက လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က