ပြင်သစ်ကြယ်ပွင့်ကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူလိုက်တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ရန်းနက်စ်အသင်းက လူငယ်တိုက်စစ်မှူးမက်သီတယ်လ်ကို ခေါ်ယူခဲ့ပြီလို့ အတည်ပြုခဲ့ပါပြီ။ ပြင်သစ် ယူ-၁၇ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မက်သီတယ်လ်ဟာ ဇွန်လက ကျင်းပခဲ့တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြင်သစ်ကို အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီး ဘိုင်ယန်ရဲ့ ဒီရာသီမှာ ၅ ဦးမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ရန်းနက်စ်အတွက် လီဂူး ၇ ပွဲ အပါအဝင် စုစုပေါင်း ၁၀ အထိ ကစားပေးခဲ့ရတယ်လို့လည်း BBC က ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကတော့ မက်သီတယ်လ်က ဥရောပရဲ့ အတောက်ပဆုံးကစားသမားတွေထဲက တဦးလို့ ချီးကျူးခဲ့ပြီး သူ့ကို စာချုပ်ချုပ်ဆိုချင်တဲ့ အသင်းတွေ အများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။ 

"တနေ့မှာ သူက တရာသီကို ဂိုးပေါင်း ၄၀ အထိ သွင်းနိုင်မယ်လို့ ကျနော်မျှော်မှန်းထားပါတယ်" လို့ ဘိုင်ယန်နည်းပြနာဂယ်စမန်းက ရာသီကြိုအမေရိကခရီးစဉ်အတွင်း ပြောဆိုခဲ့ပါတယ်။ "ဒါပေမယ့် သူ ဒီရာသီမှာ ၁၀ ဂိုးပဲသွင်းရင်တောင် ကျနော်အရမ်းပျော်ရွှင်မိမှာပါ" လို့ သူက ထပ်မံပြောဆိုခဲ့ပြီး အသင်းရဲ့ အနာဂတ်အဖြစ် မျှော်လင့်ထားတယ်ဆိုတာကိုလည်း အသိပေးခဲ့ပါတယ်။ 

ဘိုင်ယန်ဟာ ဒီရာသီမှာ ဒီလစ်၊ မာနေး၊ ဂရာဗန်ဘာ့ချ်၊ မာဇ်ရာအူတို့ကို ခေါ်ယူထားပြီး လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ ရောင်းချထားတာဖြစ်ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက်ကထွက်ခွာချင်တဲ့ တိုက်စစ်မှူးရော်နယ်ဒိုနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ဘိုင်ယန်ကတော့ ခေါ်ယူမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပြီး မက်သီတယ်လ်ကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

ယူရိုသန်း ၂၀ အပြင် အပိုဆုကြေး ယူရို ၈.၅ သန်းအထိ ပါဝင်ကာ စုစုပေါင်းတန်ဖိုးက ယူရို ၂၈.၅ သန်းအထိ ရှိလာမှာဖြစ်ပြီး အသက် ၁၇ နှစ်အောက် ကစားသမားတွေထဲမှာ စျေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က