မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ ပြိုင်ဘက်ကြီး မက်ဆီကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က တမဟုတ်ချင်းကျော်ကြားခဲ့တဲ့ ရော်နယ်ဒိုရဲ့ အင်တာဗျူးမှာ ယူနိုက်တက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင် မက်ဆီအကြောင်းကိုပါ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုက အသင်းရဲ့ လက်ရှိသွားနေတဲ့ လုပ်ငန်းစဉ်၊ နည်းပြတန်ဟက်ဂျ်၊ အသင်းဖော်ဟောင်းနဗီးလ်နဲ့ ရွန်နီ၊ လူငယ်ကစားသမားတွေရဲ့ ခံယူချက်တွေအကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့အတူ ကမ္ဘာ့ဖလားအကောင်းဆုံးကစားသမားတွေအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့ မက်ဆီအကြောင်းကိုလည်း သူက မေ့လျော့ထားခဲ့ခြင်းမရှိပါဘူး။
အင်တာဗျူးဒုတိယပိုင်းမှာ ရော်နယ်ဒိုက "အံ့အားသင့်စရာကစားသမားပါ၊ သူက မှော်ဆရာပဲ၊ ထိပ်တန်းအဆင့်ပဲ၊ လူပုဂ္ဂိုလ်တဦးအနေနဲ့ ကျနော်တို့တွေ နှစ်ပေါင်း ၁၆ နှစ်လောက် အမြင့်ဆုံးနေရာကို အတူတူမျှဝေခဲ့ကြပါတယ်၊ သူနဲ့လည်း အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်၊ ကျနော်က သူ့သူငယ်ချင်းတော့မဟုတ်ဘူးပေါ့"
"ကျနော်ဆိုလိုတဲ့ သူငယ်ချင်းဆိုတာက ခင်ဗျားအိမ်မှာ ခင်ဗျားနဲ့အတူတူ ရှိနေမယ့်သူ၊ ဖုန်းနဲ့စကားတွေပြောနေမယ်ဆိုတာမျိုးပေါ့၊ ဒါပေမယ့် အသင်းဖော်တဦးလိုပါပဲ၊ ကျနော့်အကြောင်းတွေလည်း သူပြောဆိုတိုင်းမှာ လေးစားမှုရှိတဲ့ သူပါ၊ သူ့ရဲ့ ဇနီး ဒါမှမဟုတ် ကျနော့်ရဲ့ ချစ်သူတောင်မှ လေးစားမှုတွေရှိကြပါတယ်၊ မက်ဆီအကြောင်း ကျနော်ဘာပြောရမလဲ၊ ဘောလုံးအတွက် အရာရာကို လုပ်ပြနိုင်တဲ့ အရမ်းကောင်းတဲ့ ကစားသမားပေါ့ဗျာ"
"ကျနော့်ကိုဖယ်ထုတ်ထားပြီးရင် ကျနော်တွေ့ဖူးသမျှကစားသမားတွေထဲမှာ သူက အကောင်းဆုံးပဲ၊ ဇီဒန်းလည်းဖြစ်နိုင်တယ်" လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကတော့ စပိန်လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ်နဲ့ ယှဉ်ပြိုင်ခဲ့ကြရပြီး စံချိန်မှတ်တမ်းတွေအတွက် တဦးနဲ့တဦး အသာစီးရအောင် အားထုတ်ခဲ့ကြသူတွေဖြစ်ပါတယ်။