မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့အတွက် သူ အသင့်ဖြစ်နေပြီလို့ မန်စီးတီးတိုက်စစ်မှူးဟာလန်းက Sky Sports နဲ့ ပြောဆိုခဲ့ရာမှာ ဖွင့်ဟလိုက်ပါတယ်။ အသင်းဖော်ကွင်းလယ်လူဒီဘရိုင်းနဲ့လည်း နားလည်မှုပြည့်၀နေတာကို ဟာလန်းက ချီးကျူးပြောဆိုခဲ့ပြီး သူ့ရဲ့ ပြေးလွှားပုံကောင်းမွန်ချိန်မှာဆိုရင် သူ့ကို ဘယ်သူကမှ တားဆီးလို့မရဘူးဆိုတာကို သူ သိထားပြီးသားလို့လည်း ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားတဲ့ ဟာလန်းက "ကျနော်အများကြီးပြောဖို့မလိုပါဘူး၊ ကျနော်ပြောဖို့လိုတာကတော့ ကျနော် အသင့်ဖြစ်နေပြီဆိုတာပါပဲ" လို့ ဟာလန်းက ပြောဆိုခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ နားလည်မှုပြည့်၀နေတဲ့အကြောင်းကို ဂယ်ရီနဗီးလ်က မေးမြန်းခဲ့ချိန်မှာလည်း ဟာလန်းက " အဲဒါက ကျနော်တွေးထားခဲ့တဲ့အတိုင်းပါပဲ၊ သူကန်လိုက်တဲ့ ဘောလုံးတွေအားလုံးပါပဲ၊ တိုက်စစ်မှူးတယောက်အတွက် အဲဒါက အိပ်မက်တခုပါပဲ"
"ကျနော်ရှိနေတဲ့နေရာကို သူသိတယ်၊ သူက ဂိုးသမားအရှေ့နဲ့ ခံစစ်ကစားသမားတွေရဲ့ နောက်ကို ဘောလုံးကန်တင်ပေးမယ်ဆိုတာကို ကျနော်သိတယ်" လို့ ရိုးရိုးရှင်းရှင်းလေးပဲ ပြန်ပြောခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက တခြားကစားသမားတွေနဲ့ မတူကွဲပြားတဲ့ ရုပ်ပိုင်းဆိုင်ရာအဆင့်ကို မှီခိုကစားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ချေဖျက်ဖို့လည်း မကြိုးစားခဲ့ဘဲ အေးအေးဆေးဆေးပဲ ရှင်းပြခဲ့ပါတယ်။
"အဲဒီလိုတွေ ကျနော်လည်းတွေးမိပါတယ်၊ တကယ်လို့သာ ကျနော့်ရဲ့ ပြေးလွှားပုံက ပြီးပြည့်စုံမှုရှိခဲ့မယ်ဆိုရင် ဘယ်သူကမှ ကျနော့်ကို ရပ်တန့်နိုင်မှာမဟုတ်ဘူးဆိုတာကို ကျနော်သိပြီးသားပါ" လို့ ဟာလန်းကဆိုပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာက သူ့တိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုပြည့်၀အောင် ထိန်းထားနိုင်စွမ်းအပေါ်မှာ မနေ့က ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
မန်ချက်စတာဒါဘီကိုတော့ မနက်ဖြန်မှာ ကစားသွားမှာဖြစ်ပြီး ဒီတပတ်ရဲ့ အကောင်းဆုံးပွဲတွေထဲက တပွဲအဖြစ်နဲ့ရော၊ ပရိသတ်တွေ စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ဆိုင်းနေတဲ့ပွဲအဖြစ်နဲ့ပါ ရှိနေပါတယ်။