ဂလာဘတ်နဲ့ပွဲမှာ ခြေစွမ်းလည်းပြခဲ့သလို အသင်းခေါင်းဆောင်ပီသမှုကိုပါပြသခဲ့တာပါ။

ဒေါ့မွန်က ဂလာဘတ်ကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်မာကိုရူးစ်က ထူးရှယ်ခြေစွမ်းပြသွားခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ရိန်းဂျားစ်ကို ဂိုးပြတ်ရှုံးနိမ့်မှုကနေ ပြန်ရုန်းထွက်ပြဖို့အတွက် ဒေါ့မွန်တို့ ပေါက်ကွဲခဲ့တာဖြစ်ပြီး မာကိုရူးစ်တဦးတည်းက သွင်းဂိုး ၅ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ကာ ဒီရာသီသူ့ရဲ့အကောင်းဆုံးပွဲကို ကစားနိုင်ခဲ့ပါတယ်။

သူက ကိုယ်တိုင် ၂ ဂိုးသွင်းယူခဲ့ကာ အသင်းဖော်တွေအတွက် ၃ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့န​ောက်ဆုံးဂိုးကို အမ်မရီချန်က သွင်းယူခဲ့ရာမှာလည်း မာကိုရူးစ်က သူ့ရဲ့ အသင်းခေါင်းဆောင်ပီသစိတ်၊ သဘောထားကြီးမှုကိုပြသခဲ့ပါတယ်။ အဆိုပါဂိုးက ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး မာကိုရူးစ်ကြောင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

သူကိုယ်တိုင်ကန်သွင်းခဲ့မယ်ဆိုရင် ဟက်ထရစ်ရရှိမှာဖြစ်ပြီး သွင်းဂိုးရော၊ ဖန်တီးမှုမှာပါ ဟက်ထရစ်ရစေမယ့် အခွင့်အရေးရှိခဲ့ပေမယ့် အသင်းဖော်အမ်မရီချန်ကို ကန်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီအပြုအမူအတွက်ရော၊ ပွဲချိန်တွင်းခြေစွမ်းပြသမှုတွေကြောင့်ပါ ချီးကျူးခံနေရတာဖြစ်ပြီး သူ ဘယ်လိုကစားသမားလဲဆိုတာ နောက်တကြိမ်သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။

အကောင်းဆုံးအချိန်တွေမှာ ထိပ်သီးအသင်းတွေရဲ့ ချိတ်ဆက်မှုကို ခံခဲ့ရပေမယ့် မာကိုရူးစ်ကတော့ ဒေါ့မွန်မှာသာ ဆက်ကစားပေးနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို သစ္စာတရားကြီးမားသူလို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပြီး ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့တဲ့ ကစားသမားဖြစ်ခဲ့ကာ မနေ့ကပွဲမှာလည်း သူက အားလုံးလေးစားလောက်စရာခြေစွမ်းနဲ့ စိတ်သဘောထားကို ထပ်မံပြသခဲ့ပါတယ်။ 

Share

က္က