အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျလိဂ်ကို ပြောင်းရွှေ့လာခဲ့ချိန်တုန်းက မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေအပြင် လုံခြုံရေးဝန်ထမ်းတွေကိုပါ ဆော်ဒီနိုင်ငံက အဆင့်မြင့်ဇိမ်ခံဟိုတယ်ကြီးမှာ ထားပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အာရှမြေကို ရောက်ရှိလာခဲ့တာပါ။
ဒီလိုမျိုး ဆော်ဒီကို ရောက်ရှိလာပြီးနောက် ရော်နယ်ဒိုအနေနဲ့ ဟိုတယ်မှာ ကာလတစ်ခုအကြာ နေထိုင်ခဲ့ရပါတယ်။ အဲ့ဒီကာလအတွင်း ရော်နယ်ဒိုက အခုလိုမျိုး အပေါင်းအဖော်တွေအားလုံးကို ခေါ်ဆောင်လာခဲ့ပြီး အခန်းအရေအတွက် စုစုပေါင်း (၁၇) ခန်းအထိ ငှားရမ်းနေထိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။
ရော်နယ်ဒိုကတော့ နှစ်ထပ်ပါဝင်တဲ့ Kingdom Suite အခန်းအမျိုးအစားမှာ နေထိုင်ခဲ့ပြီး ဒီဟိုတယ်ကနေလည်း တစ်မြို့လုံးရဲ့ အလှအပကို ခံစားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အခုလိုမျိုး ငှားရမ်းနေထိုင်ခဲ့တဲ့အပြင် အပေါင်းအဖော်တွေအားလုံးကိုပါ ဇိမ်ခံဟိုတယ်ကြီးမှာပဲ နေထိုင်စေခဲ့တဲ့အတွက် တစ်လကို ပေါင် (၂) သိန်းခွဲအထိ ကုန်ကျခဲ့ပါတယ်။
ဒီပမာဏဟာ ဟိုတယ်ဝန်ထမ်းတွေအတွက်တော့ မျက်လုံးပြူးလောက်စရာပမာဏဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လ်နာဆာမှာ တစ်နှစ်လုပ်ခ ပေါင် (၁၇၃) သန်း ရရှိနေတဲ့ ရော်နယ်ဒိုအတွက်တော့ ဒီငွေကြေးက ပြောပလောက်စရာ ပမာဏမဟုတ်ခဲ့ပါဘူး။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ သားသမီးတွေနဲ့အတူ အဆင့်မြင့်လုံခြုံရေးစနစ်၊ စားသောက်ဆိုင်၊ ဆိုင်ခန်း၊ အားကစားခန်းမနဲ့ အခြားသော အရေးပါတဲ့နေရာတွေကို ဝင်ထွက်သွားလာနိုင်တဲ့ အိမ်ရာဝန်းတစ်ခုမှာ ကိုယ်ပိုင်လုံခြုံရေးတွေနဲ့ပါ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ပါတယ်။