ပရိသတ်တဦးအရေးပေါ်အခြေအနေဖြစ်လို့ ပွဲရပ်ခဲ့ပြီး ပြန်ကစားချိန်မှာ ဂိုးထပ်သွင်းခဲ့တာပါ။

ကာဒစ်ဇ်နဲ့ ဘာစီလိုနာတို့ ကစားခဲ့တဲ့ပွဲမှာ ပရိသတ်တဦး ပွဲကြည့်စင်ပေါ် မေ့လဲကျခဲ့လို့ ပွဲကို အချိန်အတန်ကြာရပ်နားခဲ့ရပါတယ်။ ဒီနောက်မှာတော့ လက်ကျန်မိနစ်ကို ဆက်လက်ကစားခဲ့ရာမှာ ပြန်လည်စတင်ပြီး ၅ မိနစ်အကြာမှာပဲ ဘာစီလိုနာအတွက် အန်ဆူဖာတီက ဂိုးထပ်သွင်းခဲ့ပါတယ်။ ပွဲနားထားချိန်မှာ ဘာကာက ၂ ဂိုးပြတ်နဲ့ဦးဆောင်နေတာဖြစ်ပြီး ဖာတီရဲ့ ဂိုးကြောင့် အနိုင်က ပိုပြတ်သားခဲ့သလို ဒမ်ဘီလီက နောက်တဂိုးသွင်းခဲ့လို့ ၄-၀ နဲ့ ဘာကာတို့ အနိုင်ရခဲ့ပါတယ်။ 

ဘာစီလိုနာကစားသမား အန်ဆူဖာတီက ပွဲစပြီးသိပ်မကြာခင်မှာပဲ သူ ဂိုးသွင်းခဲ့လို့ ကာဒစ်ဇ်ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာ အန်ဆူဖာတီက ပရိသတ်တွေဘက်လှည့်ကာ လက်အုပ်ချီပြီး သူ့ရဲ့ဂိုးသွင်းယူမှုအပေါ်ကို နားလည်ပေးဖို့အတွက် တောင်းပန်ခဲ့တာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်က အားလုံးအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဒမ်ဘီလီကလည်း သူ ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲမခံခဲ့ဘဲ နေခဲ့ပါတယ်။

ပရိသတ်တဦး အသက်လုရတဲ့အခြေအနေဖြစ်ပြီးနောက် ကာဒစ်ဇ်ပရိသတ်တွေအတွက်တော့ အသင်းဂိုးထပ်သွင်းခံရတာက စိတ်မကြည်မသာဖြစ်စေခဲ့မှာသေချာပါတယ်။ ဒါကြောင့်လည်း အန်ဆူဖာတီက အလိုက်တသိနဲ့ တောင်းပန်သွားခဲ့တာဖြစ်ပြီး အနိုင်/အရှုံးရလဒ်ထက် လူပီသတဲ့စိတ်ဓာတ်၊ ဘောလုံးထက် ပိုအရေးကြီးတဲ့အရာတွေရှိတယ်ဆိုတာကိုပါ အားလုံးမြင်တွေ့အောင် ပြသခဲ့တာဖြစ်ပါတယ်။ 

အဆိုပါပွဲမှာတော့ ပရိသတ်တဦးလဲကျခဲ့ပြီးနောက် ကာဒစ်ဇ်ဂိုးသမားက အသင်းဆေးအဖွဲ့ဆီက နှလုံးခုန်နှုန်းထိန်းချုပ်စက်ကို ပြေးယူကာ စင်ပေါ်အရောက်ပစ်ပေးခဲ့ပြီး အသက်ကယ်တင်နိုင်ဖို့ ကြိုးစားပေးခဲ့ပါတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာလည်း ကစားသမားတွေက အဆိုပါပရိသတ်အတွက် ဆုတောင်းပေးမှုတွေကို ပြုလုပ်ပေးခဲ့ကြပြီး အခြေအနေတည်ငြိမ်လာမှသာ ပွဲကိုဆက်လက်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ 

လီဝန်ဒေါစကီးကလည်း ကာဒစ်ဇ်ဂိုးသမားရဲ့ ထိန်းချုပ်စက်ပြေးပို့နေတဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး "ဒီနေ့ရဲ့ ဘောလုံးထက်ပိုတဲ့ အကြောင်းအရာ" လို့ ရေးသားချီးကျူးခဲ့ပါတယ်။ ဘာကာနည်းပြဇာဗီကလည်း "သူ အမြန်ဆုံးပြန်သက်သာလာစေဖို့ မျှော်လင့်နေကြပါတယ်၊ တကယ်လို့တခြားနည်းလမ်းလုပ်ရမယ်ဆိုရင်လည်း ဒီပွဲကို ရွှေ့ဆိုင်းပေးဖို့ ကျနော်တို့ အသင့်ရှိနေခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က