ဇီဒန်းကတော့ (၂၀၂၁) အတွက် သူ့ရဲ့ ဘလွန်းဒီအော်ဆုရှင်ကို ရွေးချယ်ပေးခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက (၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုကို ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာကပဲ ရရှိသင့်တယ်လို့ဆိုပါတယ်။ ရီးရဲယ်မက်ဒရစ်ကို ဇီဒန်းကိုင်တွယ်ခဲ့တုန်းက ဘန်ဇီမာကလည်း ရော်နယ်ဒိုနည်းတူ ဇီဒန်းအတွက် အားကိုးရတဲ့ ကစားသမားဖြစ်ခဲ့တာပါ။



ဘန်ဇီမာဟာ လက်ရှိအချိန်မှာလည်း ပြင်သစ်လက်ရွေးစင်အတွက် ပြန်လည်အရွေးခံရပြီးနောက်ပိုင်း ကလပ်မှာရော၊ နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနေတာကြောင့် ဇီဒန်းက အခုလိုပဲ ဘန်ဇီမာကို ချီးကျူးပြီး ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်းဆိုလာခဲ့ပါတယ်။

ဘန်ဇီမာဟာ (၂၀၂၁) ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမားအယောက် (၃၀) စာရင်းမှာ ပါဝင်လာခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒီဆုကို ဆွတ်ခူးဖို့ ငယ်ငယ်တည်းက အိပ်မက်မက်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။ ဒီလိုမျိုး ဘန်ဇီမာနဲ့ပတ်သက်လို့ ဇီဒန်းက အခုလိုမျိုး မှတ်ချက်ပေးခဲ့ပါတယ်။

ဇီဒန်းက “ဘန်ဇီမာက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ထိုက်တန်ပါတယ်။ သူက အံ့အားသင့်ဖွယ် ကစားသမားဖြစ်ပြီး ကျွန်တော့်အနေနဲ့ သူ့ရဲ့နည်းပြတစ်ယောက်ဖြစ်ခဲ့ဖူးတာကိုလည်း ဂုဏ်ယူနေရပါတယ်။ ကွင်းထဲမှာ သူက အရာအားလုံးကို လုပ်ပြနိုင်ပြီး ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း ကစားခဲ့တဲ့ ပြင်သစ်ရဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲနှစ်ပွဲလုံးမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး နေးရှင်းလိဂ်ဆုဖလားကြီးကို လက်ရွေးစင်အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုကလည်း ဘန်ဇီမာက ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဆိုထားပါသေးတယ်။

ဒါပေမယ့် ဒီနှစ်ကတော့ ဘန်ဇီမာအတွက် အခွင့်အရေးနည်းနေတယ်လို့ဆိုနိုင်ပြီး လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်ဆိုရင်တော့ (၂၀၂၂) အတွက် ဘလွန်းဒီအော်ဆုကို အဓိကစိန်ခေါ်နိုင်တဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။ 

Share

က္က