ဟာလန်းဟာ သူ့ကို လာရောက်နှုတ်ဆက်ခဲ့ကြတဲ့ ကလေးငယ်ပရိသတ်တွေထဲက တစ်ယောက်ကို ယူနိုက်တက် ဂျာစီဝတ်ဆင်ထားတာကြောင့် နောက်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်ကိုလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါသေးတယ်။
ရုပ်သံမှတ်တမ်းတစ်ခုရဲ့ ဖော်ပြချက်အရ ဟာလန်းဟာ သူ့ဆီ ချဥ်းကပ်လာခဲ့တဲ့ ကလေးငယ်ပရိသတ်တစ်ယောက်ကို ပေါ့ပေါ့ပါးပါးပဲ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်ဟာ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ထားခဲ့ပြီး ဟာလန်းနဲ့အတူတကွ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ဟာလန်းက အားလုံး မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ နောက်ပြောင်ခဲ့တာပါ။
အဆိုပါ ကလေးငယ်ဝတ်ဆင်ထားတဲ့ ယူနိုက်တက်ဂျာစီက ယူနိုက်တက်လိုဂိုကို သူ့ရဲ့ လက်နဲ့ဖုံးကွယ်ကာ “ခဏစောင့်ဦး။ အခု ဓာတ်ပုံ ထပ်ရိုက်မယ်ကွာ။ ဒီလိုမျိုး ပုံစံနဲ့ပဲ ဓာတ်ပုံ ရိုက်လိုက်မယ်။ ဒါမှမဟုတ် မင်း ကိုယ့်ဘာသာကိုယ် တခြား အင်္ကျီ သွားလဲလိုက်ပါကွာ” လို့ နောက်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။
ဟာလန်းဟာ ကွင်းပြင်ပနေထိုင်မှုဘဝမှာလည်း ပေါ့ပေါ့ပါးပါး နေထိုင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့နောက် ဟာလန်းရဲ့ ပရိသတ်အင်အားက တော်တော်လေး များပြားလာခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းအားကြောင့်လည်း ကလေးငယ်တွေရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်လို ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာလည်း မြို့ခံပြိုင်ဘက်တွေဖြစ်ကြပြီး နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးရဲ့ အင်အားကြီးထွားလာမှု၊ ယူနိုက်တက်ရဲ့ ကျဆင်းလာမှုတွေကြောင့် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်စီးတီးက တစ်ရာသီအတွင်း ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး အင်္ဂလန်ကလပ်တွေထဲမှာ ယူနိုက်တက်တစ်သင်းတည်းသာ ရယူထားတဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။