တချို့မိန်းကလေးတော်တော်များများဟာ သွားတိုက်ဆေးကို ဝက်ခြံပျောက်ဆေးလို အသုံးပြုနေကြတာမျိုးတွေ တွေ့ရပါတယ်။ တချို့ဆိုရင် သွားတိုက်ဆေးကို အသားဖြူဆေးလိုတောင် သုံးနေကြတာကို မြင်ဖူးပါတယ်။ ဒီလို လုပ်ရပ်မျိုးဟာ အရမ်းကို အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
healthline.com
သွားတိုက်ဆေးနဲ့ အသားအရည်ထိန်းသိမ်းလို့ ရသလားဆိုတော့နဲ့ ပတ်သက်ပြီး Beauty by Emerald Page ရဲ့ Beauty Blogger ခွာညိုမြင့်သူက ခုလိုပြောပါတယ်။
“ ခွာညိုတို့ ဒီမှာ DIY နည်းတွေက တအားခေတ်စားတယ်။ တကယ်တမ်းကျတော့ DIY နည်းတွေက လုံးဝကို အလုပ်မဖြစ်ပါဘူး။ တချို့အရာတွေမှာ အလုပ်ဖြစ်တာ ရှိပါလိမ့်မယ်။ တော်တော်များများကတော့ လုံးဝအလုပ်မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့လူတွေက မျက်နှာမှာ ဘာပဲလာလာ အိုကေတယ်။ အမာခံတွေရှိတယ်ပေါ့။ အမာခံက တစ်ဆယ်မှာ တစ်ယောက်ပဲ ရှိတာ။ အဲဒီလူတွေ အဆင်ပြေလို့ အဆင်ပြေတယ်လို့ ပြောလို့မရဘူး။ သွားတိုက်ဆေးက များသောအားဖြင့် ဝက်ခြံထွက်တဲ့အချိန်မှာ သုံးလေ့ရှိကြတယ်၊။ အဲဒီလိုသုံးလိုက်ရင် ဝက်ခြံပျောက်တယ်လို့ ပြောကြတယ်။ တကယ်တမ်းကျတော့ သွားတိုက်ဆေးက infection ပိုပြီးတော့ ဝင်နိုင်ပါတယ်။ သွားတိုက်ဆေးနဲ့ အဲဒီလိုတွေ လုပ်တာက skin ရဲ့ အလွှာတွေကို ထိနိုင်တယ်။ ပြီးတော့ အဲဒီသွားတိုက်ဆေးက အသားလောင်တာတွေလည်း ဖြစ်နိုင်တယ်။ သွားတိုက်ဆေးနဲ့ အသားအရေထိန်းသိမ်းတာမျိုး မလုပ်သင့်ပါဘူး။ ခွာညိုကတော့ သွားတိုက်ဆေးကို အသားအရေပေါ်မှာ သုံးလို့ မရဘူးလို့ပဲ ပြောချင်ပါတယ်။”
သွားတိုက်ဆေးကို မျက်နှာပေါ်တင်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့
marieclaire.co.uk
အသားအရေရဲ့ PH Level ကို ထိခိုက်စေတယ်
သွားတိုက်ဆေးကို မျက်နှာပေါ်မှာ တင်တာ ၊ အသားအရေပေါ်မှာ တင်လိုက်တာဟာ အသားအရေရဲ့ PH Level ကို ထိခိုက်စေပါတယ်။ အဲဒီအခါမှာ အသားအရေတွေ လောင်တာ၊ အရေပြားရောဂါတွေ ဖြစ်ပွားလာတာမျိုး ဖြစ်လာတော့တာပါပဲ။
Bye Bish ရဲ့ Cosmetic Chemist တစ်ဦးဖြစ်တဲ့ Kathy ကတော့ “လုံးဝမသုံးသင့်ပါဘူး။ သွားတိုက်ဆေးမှာ သွားဖုံးယောင်တာကိုကျစေတာ နည်းနည်းပါလို့သာ ဝက်ခြံယောင်တာတို့၊ ကြည့်ရင်နီတာသက်သာစေတာတို့ ဖြစ်တာပါ။ အသားဖြူတာတော့ လုံးဝမဖြူစေပါဘူး။ သွားတိုက်ဆေးကို Whole face လုံးဝမသုံးသင့်ဘူး။ ပြီးတော့ သွားအတွက်ထုတ်ထားတာဆိုတော့ သွားချေးကျွတ်စေတာတွေပါပါတယ်။ မျက်နှာအသားပေါ်ဆို အသားအရည်ခြောက်ကပ်ပြီးနီရဲလာနိုင်တဲ့အတွက် သွားတိုက်ဆေးကို မျက်နှာပေါ်တင်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။” လို့ ပြောထားပါတယ်။
သွားတိုက်ဆေးနဲ့ အသားထိသောအခါဖြစ်လာနိုင်တဲ့ အရာများ
အပေါ်က ပြောခဲ့သလိုပဲ အသားအရေလောင်တာ ၊ အရေပြားရောဂါတွေ ဖြစ်ပွားတာမျိုး ဖြစ်နိုင်သလို နှာခေါင်းနဲ့ ပါးစပ်တစ်ဝိုက်မှာ နီမြန်းလာတာ ၊ အဖုတွေပေါက်လာတာ ၊ အရေပြားယားယံလာတာ ၊ ရောင်ယမ်းလာတာ နဲ့ အသားအရေလောင်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အသားအရေဟာ ပိုမိုနူးညံ့တဲ့အတွက် ပိုပြီး ဖြစ်တတ်ပါတယ်။
timesofindia.indiatimes.com
ပိုမိုဆိုးရွားသွားစေတဲ့ သွားတိုက်ဆေး
သွားတိုက်ဆေးကို ဝက်ခြံပေါ်တင်လိုက်လို့ ကောင်းသွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ပိုမိုဆိုးရွားသွားစေတာပါ။ သွားတိုက်ဆေးဟာ အသားအရေကို ပိုမိုခြောက်သွေ့သွားစေတဲ့အတွက် ရေတိုမှာ ဝက်ခြံတွေ ခြောက်သွားတယ်ထင်ရပေမယ့်လည်း တကယ်တော့ ဝက်ခြံကို ပိုထွက်စေတာပါ။
ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ မျက်နှာပေါ်ကို သွားတိုက်ဆေးတွေ တင်လေ့ရှိကြတဲ့ မဒီတို့အနေနဲ့ ကိုယ့်ရဲ့ အသားအရေကို တန်ဖိုးထားခြင်းအားဖြင့် သွားတိုက်ဆေးကို ဝက်ခြံအတွက် သုံးတာ ၊ အသားဖြူဖို့ သုံးတာမျိုးတွေ လုံးဝမလုပ်ကြဖို့ အကြံပြုလိုက်ပါရစေ။