ဘာစီလိုနာနဲ့ဗီလာရီးရဲလ်တို့ရဲ့ လာလီဂါပွဲစဥ်မှာ ပီကေးတယောက် ဒုတိယပိုင်း လူစားဝင်ကစားခွင့်ရရှိခဲ့ပေမယ့် အဲ့ဒီမတိုင်ခင် သူ့ရဲ့ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုက ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်နေပါတယ်။ ဒီပွဲမှာ ပီကေးက ပွဲကစားချိန် (၇၈) မိနစ်မှာ အသင်းဖော် ကွန်ဒေးရဲ့နေရာကို လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာက ပထမပိုင်းမှာရရှိခဲ့တဲ့ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနှစ်ဂိုး၊ အန်ဆုဖာတီရဲ့ သွင်းဂိုးတဂိုးတို့နဲ့အတူ ပွဲအပြီးမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပီကေးအနေနဲ့ ဒီပွဲကို ဝင်ကစားဖို့ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာ တော်တော်လေး အပါးခိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာတော့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ပီကေးဟာ အကြောလျှော့လေ့ကျင့်ခန်းကိုသာ သာမန်ဟန်ရေးပြလုပ်ခဲ့တယ်လို့ဆိုနိုင်ပြီး Jogging ပြေးဖို့အတွက်တောင် ကြံ့ခိုင်ရေးနည်းပြက လာရောက်ခိုင်းစေမှသာ ပြေးလွှားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပီကေးက ဒီလေ့ကျင့်ခန်းကိုတောင် လိုက်မလုပ်ခဲ့ဘဲ သူနဲ့အတူ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ ကစားသမားနှစ်ယောက် ပြေးနေချိန်မှာတောင် ပီကေးက မတ်တပ်ရပ်နေခဲ့တာပါ။
ပီကေးဟာ နည်းပြနဲ့စကားပြောလိုက်၊ ထောင့်ကန်ဘောအလံတိုင်ကို ကိုင်ပြီး မတ်တပ်ရပ်နေလိုက်နဲ့ ပြုမူခဲ့ပြီး ပရိသတ်တွေကတော့ ပီကေးရဲ့ အပြုအမူကို ဝေဖန်နေကြပါတယ်။ ပရိသတ်တွေက “ဒါက တကယ်ကို လက်မခံနိုင်စရာ အပြုအမူပဲ” “ဒီမြင်ကွင်းက တကယ်ကို စိတ်ပျက်စရာပါ။ ဒါက ပရော်ဖက်ရှင်နယ် ကစားသမားတယောက်တဲ့လား” “ဒါက ဘယ်လိုသွေးပူလေ့ကျင့်ခန်း အမျိုးအစားလဲ” လို့ အသီးသီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ပီကေးဟာ ကွင်းထဲဝင်ကစားချိန်မှာလည်း ဘာစီလိုနာပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ပီကေးဟာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အဲ့ဒီပွဲမှာ ဘာစီလိုနာက သုံးဂိုးစီသရေကျသွားခဲ့တာကြောင့် ချန်ပီယံလိဂ်ကထွက်ပြီး ယူရိုပါလိဂ်ကို ဆင်းကစားဖို့ သေချာသလောက်ရှိသွားခဲ့ပါတယ်။