သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ သတ်မှတ်ကြပါတယ်။

သွေးတိုးရောဂါဟာ မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များတဲ့ရောဂါတစ်ခုပါ။ကမ္ဘာ့လူဦးရေ တစ်ဘီလျံကျော်လောက်က သွေးတိုးရောဂါဖြစ်ပွားနေပြီး နှစ်စဉ် နှလုံးသွေးကြောဆိုင်ရာ ပြဿနာကြောင့် သေဆုံးသူ (၁၈) မီလျံခန့်မှာ သွေးတိုးရောဂါနဲ့ ဆက်စပ်သေဆုံးသူ (၈၀) ရာခိုင်နှုန်းကျော်လောက်ရှိနေတာပါ။ သွေးတိုးရောဂါ ဘာကြောင့်အဖြစ်များနေရတာလဲ။ သွေးတိုးရှိနေမှန်း လွယ်လွယ်ကူကူသိနိုင်တဲ့ လက္ခဏာတွေက ဘာတွေပါလဲ။



သွေးတိုးရောဂါဘာကြောင့်အဖြစ်များတာလဲ

မိမိမှာသွေးတိုးရောဂါ ရှိနေမှန်း လက္ခဏာအတိအကျမပြခြင်းကလည်း သွေးတိုးရောဂါဖြစ်ပွားမှုများနေရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ။ သွေးတိုးရောဂါရှိတဲ့သူတွေရဲ့ (၃) ပုံ (၁) ပုံလောက်က လက္ခဏာ မခံစားရတာကြောင့်  သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

Photo : Freepik

ဘယ်လိုအခြေအနေကို သွေးတိုးနေပြီလို့ သတ်မှတ်လဲ

ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာ၊ ခန္ဓာကိုယ်လေးလံလာတာတွေ ဖြစ်လာပြီဆိုရင်တော့ သွေးတိုးနေပြီလို့ သံသယရှိနိုင်ပါတယ်။ ဒါပေမယ့် အတိအကျသိနိုင်ဖို့က သွေးပေါင်ချိန်ကြည့်ပါ။ သွေးပေါင်ချိန်မှာအပေါ်သွေးနဲ့ အောက်သွေးဆိုပြီး (၂) မျိုးရှိပါတယ်။ အပေါ်သွေး (၁၄၀) အောက်သွေး (၉၀) ကျော်နေပြီဆိုရင်တော့ သွေးတိုးရောဂါရှိတယ်လို့‌ ယေဘုယျသတ်မှတ်ပါတယ်။ တစ်ခါတစ်လေမှာ အသက်အရွယ်ပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။ အသက် (၈၀) ကျော်နေပြီဆိုရင်တော့အပေါ်သွေး (၁၅၀) ၊ အောက်သွေး (၉၀) ကျော်နေရင် သွေးတိုးလို့သတ်မှတ်ပါတယ်။  အသက်အရွယ်ကြီးရင့်သူတွေ၊ အဝလွန်သူတွေ၊ ဆေးလိပ်အလွန်အကျွံသောက်သုံးသူတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေအနေနဲ့ သွေးပေါင်ကို ပုံမှန်လေးတိုင်းပေးတာအကောင်းဆုံးပါ။

Photo : Freepik
ဘယ်လိုလူတွေမှာ သွေးတိုးအဖြစ်များလဲ။

-         သွေးတိုးရောဂါမျိုးရိုးရှိသူတွေ

-         အဝလွန်သူတွေ၊

-         ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက် (Fast Food အစားများသူတွေ)

-         အငန်အလွန်အကျွံစားသူတွေ (ဒီနေရာမှာ တစ်ခုသတိထားရမှာက မြန်မာနိုင်ငံမှာက အငန် အလွန်အကျွံစားသုံးနေတာပါ။ ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိ၊ ငံပြာရည်စားတတ်တဲ့ ဓလေ့က သွေးတိုးရောဂါဖြစ်နိုင်ချေများတဲ့အကြောင်းရင်းတစ်ခုပါ)

-         ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူတွေ

-         ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးသူတွေ 

Photo : Freepik

သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းများ

သွေးတိုးရောဂါမဖြစ်ဖို့ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့ လိုပါတယ်။ အဓိက လုပ်ရမှာတွေကတော့ ..

အငန်စားတဲ့အလေ့အကျင့်ကို လျှော့ပါ။

လူတစ်ယောက်ဟာ တစ်နေ့တာမှာ အငန်ဓာတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပမာဏဖြစ်တဲ့ (၆) ဂရမ်သာ စားသုံးရပါတယ်။ အဲဒီတော့ ပြန်တွေးကြည့်ပါ။  မိမိတို့အိမ်မှာ ဟင်းချက်တဲ့အခါ အရင်ဆုံး အသား၊ငါးကို ဆားနဲ့ နနွင်းနယ်တယ်ဆိုရင်ပဲ ဆားပမာဏ (၆) ဂရမ်ကျော်နေပါပြီ။  အဲ့နောက်မှာ ဟင်းထဲကို ငံပြာရည်တွေ၊ အရသာမှုန်တွေ ထပ်ထည့်တယ်။ ထမင်းဝိုင်းမှာလည်း ငါးပိ၊ ငံပြာရည်ချက်တွေပါပြန်တယ်။ ဒါဆို မြန်မာလူမျိုးတို့ရဲ့ တစ်နေ့တာ အငန်ဓာတ်စားသုံးမှုပမာဏက လိုအပ်တာထက်ကို ပိုလျှံနေပါပြီ။

ပြည့်ဝဆီတွေစားသုံးခြင်းကို ရှောင်ပါ။

အထပ်ထပ်ကြော်ထားတဲ့ အီကြာကွေး၊ ပလာတာ၊ စမူဆာ တွေ၊ အကြော်တွေ ဒါတွေကို နှစ်ခြိုက်စွာ စားသုံးတာတွေက သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းတွေပါ။

ကော်ဖီ၊ အရက်/ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်း ရှောင်ပါ။

ကော်ဖီကြိုက်တတ်တဲ့သူတွေက တစ်နေ့ (၄) ခွက်ထက်ပိုမသောက်သင့်ပါဘူး။ ဆေးလိပ်ကလည်း သူ့မှာပါတဲ့ နီကိုဒင်းဓာတ်တွေကြောင့် သွေးကြောနံရံတွေမာကျောလာပြီး သွေးတိုးရောဂါဖြစ်နိုင်ချေများပါတယ်။

Photo : Freepik

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ဒီနေ့ခေတ်မှာ နေ့စဉ် လူတွေက ဖုန်း၊ အင်တာနက်တွေ သုံးစွဲမှုများလာပြီး ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမရှိသလောက် နည်းပါးသွားတာတွေကလည်း သွေးတိုးရောဂါအဖြစ်များစေပါတယ်။

“ အသက်အရွယ်ကြီးလာရင် သွေးကြောနံရံတွေ မာကြောလာတယ်၊ ကြွတ်ဆပ်လာတာတွေက  သွေးတိုးဖြစ်နိုင်ချေရှိတဲ့ဘက်ကိုရောက်လာတာပါ။ အဲဒီလိုအခြေအနေမှာကိုယ်က နေထိုင်စားသောက်မှုပုံစံတွေကို မဆင်ခြင်ဘူး။ ဒီတိုင်းဆက်သွားရင် အသက်အရွယ်နဲ့ ကိုယ်မဆင်မခြင်နေတာနဲ့ ပေါင်းသွားတဲ့အခါမှာ သွေးတိုးဖြစ်စေလာပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့အညီစားသောက်နေထိုင်မှုပုံစံကို ပြောင်းပေးသင့်ပါတယ်” လို့ အထွေထွေရောဂါကုဆရာဝန်ကြီးဒေါက်တာ အောင်ဇော်မြင့်က ပြောပါတယ်။


ဖော်ပြပါ သတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အထွေထွေအထူးကုသမားတော် ဒေါက်တာအောင်ဇော်မြင့်မှ ဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က