ညက ဒိန်းမတ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဆန်မာရီနိုတို့ ချေပဂိုးတဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တသင်းလုံး နည်းပြ၊ အရန်ကစားသမားပါ မကျန် ကွင်းအတွင်း ပြေးဝင်အောင်ပွဲခံခဲ့ကြပါတယ်။ ဒီဂိုးဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ သူတို့ ပထမဆုံးရခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂ နှစ်အတွင်း ပထမဆုံးရခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ထောင့်ကန်ဘောကတဆင့် ဒိန်းမတ်က ဖျက်ထုတ်လိုက်တာကို ဆန်မာရီနိုအသင်းခေါင်းဆောင်က မြေမကျကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ ဂိုးသွင်းပြီးနောက်မှာ သူဟာ ပရိသတ်တွေရှေ့ကို အပြေးသွားကာ ဒိုက်ဗင်ထိုးအောင်ပွဲခံခဲ့ပြီး အရန်ကစားသမားအားလုံးကလည်း ကွင်းထဲပြေးဝင်လာကာ အတူတူအောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမယ့် ဒိန်းမတ်က အနိုင်ဂိုးသွင်းသွားလို့ ဒီပွဲကို သူတို့အရေးနိမ့်ခဲ့ပါတယ်။ ဆန်မာရီနိုအတွက်တော့ ရှုံးပွဲဆိုတာက မဆန်းတော့ပါဘူး။ သူတို့က ဥရောပရဲ့ အားအနည်းဆုံးအသင်းဖြစ်ပြီး အိမ်ဖြည့်အသင်းလို့ သတ်မှတ်ခံထားရတာပါ။ သူတို့အတွက်တော့ ဒီလိုဂိုးတဂိုးသွင်းယူလိုက်နိုင်တာကပဲ မဟာအောင်မြင်မှုဖြစ်နေခဲ့တာပါ။
ဆန်မာရီနိုဟာ ဆုဖလားတလုံးဆွတ်ခူးလိုက်သလိုကို ပျော်ရွှင်နေခဲ့ပြီးတော့ ဒီဂိုးက ဘယ်လောက်တောင်မှ သူတို့အတွက် အားရစရာကောင်းလဲဆိုတာကို သိသာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပွဲကို ရှုံးခဲ့ပေမယ့် သူတို့သွင်းယူနိုင်ခဲ့တဲ့ ဂိုးအတွက် အဝတ်လဲခန်းထဲမှာပါ အောင်ပွဲခံနေလောက်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။