မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ ရော်နယ်ဒိုတယောက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပင်နယ်တီတွေကနေ သူ သွင်းယူနိင်ခဲ့တာဖြစ်ပြီး တတိယမြောက် ပင်နယ်တီကိုတော့ သူ ကန်မသွင်းဘဲ အသင်းဖော်ကို ပေးကန်ခဲ့လို့သာ ဟက်ထရစ်မရခဲ့တာပါ။ သူ ကန်သွင်းခဲ့မယ်ဆိုရင် သေချာပေါက်ဟက်ထရစ်ရမှာဖြစ်ပြီး လိဂ် ၂ပွဲဆက်တိုက် ဟက်ထရစ်ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ပွဲချိန် မိနစ် ၂၀ မှာ ခေါင်းတိုက်သွင်းဂိုးတဂိုး သွင်းယူခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီဂိုးကို သွင်းယူချိန်မှာ ပြိုင်ဘက်ကစားသမားကို သူက တွန်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်နဲ့ VAR က ဂိုးမပေးခဲ့ဘဲ ပြစ်ဒဏ်ဘောသာ သတ်မှတ်ပေးခဲ့ပါတယ်။ တကယ်လို့ အဆိုပါဂိုးသာရခဲ့မယ်ဆိုရင် သူ ဟက်ထရစ်ရခဲ့မှာပါ။
ရော်နယ်ဒိုဟာ အဆိုပါသွင်းဂိုး ခွင့်ပြုမခံခဲ့ရတဲ့နောက် "ငါ့ကိုဆိုရင် အမြဲတမ်း ဆန့်ကျင်နေကြတာပဲ၊ သွားသေလိုက်" လို့ ဒေါသတကြီးနဲ့ ရေရွတ်ပြောဆိုခဲ့ပါတယ်။ ရုပ်သံကင်မရာတွေကလည်း ဒါကို အမိအရ ရိုက်ကူးခဲ့ကြပြီး ရော်နယ်ဒိုဟာ တော်တော်လေးကို ပေါက်ကွဲခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။
ပရိသတ်တွေကလည်း ဒီဂိုးကို ခွင့်မပြုတဲ့အပေါ်မှာ ဒွိဟဖြစ်ခဲ့ကြပြီး ရော်နယ်ဒိုနဲ့ အယ်လ်နာဆာကို ဆန့်ကျင်ဖို့အတွက် ဒိုင်က လာဘ်စားထားတယ်လို့ ပြောဆိုတဲ့အထိ တုံ့ပြန်ခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့ သွင်းဂိုးက အခိုးခံလိုက်ရပြန်ပြီလို့လည်း မှတ်ချက်ပြုခဲ့ကြကာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။