ဗိုလ်လုပွဲမတက်နိုင်ခဲ့လို့ ကြေကွဲနေတာပါ။

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီရှပ်က သူ့ရဲ့ ဒီရာသီ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကို ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လဲလို့ရရင် လဲချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတိးကို ဆီမီးဖိုင်နယ်အဆင့်မှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဥရောပကို ကြီးစိုးထားမှုတွေက အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ 


ဒီရာသီမှာ ဗင်နီရှပ်က ရီးရဲလ်အတွက် ဂိုးပေါင်း ၄၀ ကျော်အထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားသူပါ။ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားလို့ သတ်မှတ်ခံထားရသူလည်းဖြစ်ပြီး အန်ဆယ်လော့တီ အားအထားရဆုံး ကစားသမားတွေထဲက တဦးလည်းဖြစ်ကာ နောက်ထပ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့လို့ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။ 

ဗင်နီရှပ်က "ဒီရာသီ ကျနော့်ရဲ့ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေ အားလုံးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လဲလို့ရရင် လဲချင်မိပါတယ်၊ ကျနော်လုပ်ခဲ့သမျှအရာတိုင်းက ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားကို အနိုင်ရဖို့ မဟုတ်ခဲ့တာကို နည်းနည်းစိတ်ပျက်မိပါတယ်၊ ကျနော့်ရဲ့ ကိန်းဂဏန်းတွေကို တိုးတက်အောင် ဆက်ပြီ​းတော့ လုပ်ချင်ပေမယ့် အဲဒါတွေက အသင်းအတွက် အကျိုးရှိနေဖို့ပဲ လိုအပ်တာပါ" လို့ ESPN နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ စပိန်ကိုပါဒယ်ရေးဖလားတလုံးတည်းကိုသာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါမှာတော့ ကျရှုံးခဲ့ရပါတယ်။ လာမယ့်ရာသီမှာ သူတို့အသင်းကို သွေးသစ်လောင်းဖို့အတွက် လိုအပ်နေပြီး အထောင်တိုက်စစ်မှူးတဦး၊ ကွင်းလယ်လူ ၂ဦး၊ ဘယ်အစွန်နောက်ခံလူတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က