မနေ့ကပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ခါလက်ချ်နဲ့ပွဲအပြီးမှာ သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့တဲ့ ပြိုင်ဘက်အသင်း အဖွဲ့ဝင်တစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး (၃) ပွဲမှာ (၁) ဂိုးသာ သွင်းယူထားတဲ့ ရော်နယ်ဒိုက ဒီပွဲမှာလည်း ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန်ပြည့် ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် အသင်းကလည်း သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာကြောင့် ရော်နယ်ဒိုက ပွဲအပြီးမှာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။


ဒါပေမယ့်လည်း သူက ပြိုင်ဘက် ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်အချို့တွေနဲ့ ပွဲအပြီး ကွင်းဘေးစည်းမှာ ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့ဂျာစီကိုလည်း ပြိုင်ဘက် ကစားသမားအတွက် ပေးအပ်ခဲ့ပါသေးတယ်။

ဒီလိုမျိုးအချိန်မှာ အယ်လ်ခါလက်ချ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်က ရော်နယ်ဒိုနဲ့အတူ ဆဲလ်ဖီရိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာ‌ ရော်နယ်ဒိုက လက်မခံဘဲ ဒီအတိုင်း ထွက်သွားခဲ့တာဖြစ်ပေမယ့် အဆိုပါ နည်းပြအဖွဲ့ဝင် ဝန်ထမ်းက မရမက ဓာတ်ပုံ လိုက်ရိုက်ဖို့ ကြိုးစားခဲ့တဲ့အဆုံး ရော်နယ်ဒို တစ်ယောက် ဒေါသထွက်ခဲ့ရပါတယ်။

ရော်နယ်ဒိုက အဆိုပါ ဝန်ထမ်းရဲ့ ရင်ဘတ်ကို တွန်းထုတ်ပစ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး သူ့အတွက် နောက်ထပ် စိတ်အနှောင့်အယှက်စရာ ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သာမန်အားဖြင့်တော့ ဒီဖြစ်ရပ်က ရော်နယ်ဒိုကို ဝေဖန်ချင်သူတွေအတွက် အခွင့်ကောင်းဖြစ်ပေမယ့် တကယ့်မြင်ကွင်းတွေကတော့ ကွာခြားမှုရှိနေတာကို အားလုံးအမြင်ပဲဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့အတွက် စိတ်ပျက်စရာပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ပြီး ဒီအချိန်မှာ မလိုအပ်ဘဲ ဘောင်ကျော်လာတဲ့ ပြိုင်ဘက်ဝန်ထမ်းရဲ့ လုပ်ရပ်ကတော့ ရော်နယ်ဒိုကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှာ အသေအချာပါပဲ။ 

Share

Loading Next Article...
က္က