တစ်ခေတ်တစ်ခါက လူကြိုက်များ ကျော်ကြားခဲ့တဲ့ သရဲလေးကောင်အဖွဲ့မှာ သုံးဦး မရှိတော့ဘဲ သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ရပြီလို့ သရုပ်ဆောင် အရိုင်းက စိတ်မ ကောင်းစွာ နဲ့ ပြောပြလာပါတယ်။
သရဲလေးကောင်အဖွဲ့ထဲက ဝါရင့်ဟာသသရုပ်ဆောင် ဦးဖိုးဖြူတစ်ယောက် မတ်လ ၁၁ရက်က အဆုတ်ရောဂါ နဲ့ ကွယ်လွန်သွားပြီးတဲ့နောက် ဦးအရိုင်းက အခုလို ဝမ်းနည်းစကားဆိုလာတာ ဖြစ်ပါတယ်။
"သရဲ လေးကောင်မှာ ဖိုးဖြူ၊ အရိုင်း ၊ ကင်းကောင်နဲ့ ကုသိုလ် လေးယောက် ရှိတာမှာ သရဲသုံးကောင်က တော့သွားရှာပြီ။ သရဲတစ်ကောင်ပဲ ယောင်လည်လည်နဲ့ ကျန်ရစ်ခဲ့တာပေါ့" ဆိုပြီး ဦးဖိုးဖြူရဲ့ နာရေးကို သတင်းလာမေးရင်း ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာတဲ့သူတို့ လေးဦးဟာ မိသားစုဝင်တွေနဲ့ အချိန်ကုန်ရတာထက်ကို လေးယောက်က အမြဲတတွဲတွဲ ရှိနေခဲ့တာကြောင့် သံယောဇဉ် တွေ ပိုများခဲ့ကြသူတွေပါ။
" ဒီသူငယ်ချင်းတွေက အချိန်ပေးခဲ့ရတာတွေက မိသားစုထက် တောင်ပိုခဲ့ပါတယ်။ ဘဝတွေအကုန်လုံးကို ဖြတ်ကျော်ပြီး ဒီလူတွေလာဆုံစည်းကြတာ။မိသားစုဝင်တွေ ထက်တောင် ရင်းနှီးကျွမ်းဝင်လာတဲ့ ရဲဘော်ရဲဘက်တွေ ဆိုတော့ ဆိုးလည်းအတူတူ ကောင်းလည်းအတူတူ ဖြတ်သန်းခဲ့ကြတာပါပဲ။ သူကတော့ စောစောထွက်သွားတယ် ဆိုတော့ စိတ်မကောင်းဘူးဆိုတာထက် စိတ်ထိခိုက်ရတယ်၊ ပရိသတ်ကြီးကလည်း သွားလေသူအတွက် ဆုတောင်းမေတ္တာပို့သ ပေးပါလို့ တောင်းဆိုပါတယ်" လို့ ဦးအရိုင်းက သူငယ်ချင်းတွေအပေါ်ထားတဲ့ သူ့ရဲ့သံယောဇဥ်ကို ပြောပြရင်း ပရိသတ်ကိုတောင်းဆိုလိုက်ပါတယ်။
Photo - Phoe Phyu FB
သရဲလေးကောင် ပြဇာတ်က နေ လူသိများ လာခဲ့တဲ့ သူတို့လေးဦးမှာ တော့ သရုပ်ဆောင် ကင်းကောင်၊ ကုသိုလ်နဲ့ ဖိုးဖြူ တို့က တော့ ကွယ်လွန်သွားကြပြီပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ မင်းသားကုသိုလ်က တော့ ၂၀၁၄ခုနှစ် ဇွန်လ က အသည်းရောဂါ နဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ၀ါရင့်ဟာသ သရုပ်ဆောင် ကင်းကောင်က တော့ ၂၀၁၉ခုနှစ်က ပုပ္ပားမှာ ချွဲကျပ်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။ ဦးကင်းကောင် ကွယ်လွန်ပြီး ၃နှစ်အကြာမှာပဲ ဦးဖိုးဖြူဟာလည်း အဆုတ်ခဲတဲ့ ရောဂါနဲ့ ၂၀၂၂ခုနှစ် မတ်လ ၁၁ရက်မှာ တိမ်းပါးသွားခဲ့တာဖြစ်ပါတယ်။