ကမ္ဘာကျော်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ HBO ဟာ ဂိမ်မာတွေကြားမှာနာမည်ရပြီးသား Survival, Adventure ဂိမ်း The Last of Us ကို တီဗွီစီးရီးအဖြစ် အသက်သွင်းတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာကျော်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ HBO ဟာ ဂိမ်မာတွေကြားမှာနာမည်ရပြီးသား Survival, Adventure ဂိမ်း The Last of Us ကို တီဗွီစီးရီးအဖြစ် အသက်သွင်းတော့မှာဖြစ်ကြောင်း သိပ်မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။

The Last of Us ကို ၂၀၁၄ ခုနှစ်ကတည်းက ရုပ်ရှင်ရိုက်ကူးဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရိုက်ကူးဖြစ်ခဲ့ဘဲ ၂၀၂၀ အရောက်မှာ တီဗွီစီးရီးတစ်ခုအဖြစ် ပြန်လည်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုကြေညာထားတဲ့ The Last of Us တီဗွီစီးရီးရဲ့ဇာတ်ညွှန်းပိုင်းကို Neil Druckmann နဲ့ Craig Mazin တို့က တာဝန်ယူသွားမှာဖြစ်တယ်လို့သိရပြီး ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကိုတော့ ရွေးချယ်ထားခြင်းမရှိသေးပါဘူး။




ဇာတ်ညွှန်းကို တာဝန်ယူထားတဲ့အထဲက Neil Druckmann ဆိုတာ The Last of Us ဗီဒီယိုဂိမ်းဖန်တီးရှင် Naughty Dog ကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်ပြီး အဆိုပါဂိမ်းရေးဆွဲရာမှာ Creative Director အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

Neil Druckmann ဟာ Naughty Dog ကို ၂၀၁၄ ခုနစ်မှာ အလုပ်သင်အဖြစ် စတင်ဝင်ရောက်လာခဲ့သူဖြစ်ပြီး Jak 3 နဲ့ Jak X: Combat Racing ဂိမ်းတွေမှာ ပရိုဂရမ်မာအဖြစ်လည်းကောင်း၊ Uncharted: Drake's Fortune နဲ့ Uncharted 2: Among Thieves တို့မှာ ဂိမ်းဒီဇိုင်နာအဖြစ်လည်းကောင်း တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း ရုပ်ပြဇာတ်လမ်းတွေကိုရေးဆွဲလျက်ရှိပြီး A Second Chance at Sarah, Uncharted: Eye of Indra စတာတွေကတော့ သူ့ရဲ့လူသိများတဲ့ရုပ်ပြတွေပါ။


ဇာတ်ညွှန်းကို တာဝန်ယူထားတဲ့နောက်တစ်ဦးဖြစ်သူ Craig Mazin ကိုတော့ HBO ရဲ့ Chernobyl စီးရီးနဲ့အတူ လူသိများပါတယ်။ သူဟာ နာမည်ကျော်ဟာသရုပ်ရှင် The Hungover Part II မှာဇာတ်ညွှန်းရေးသားခဲ့သလို ပြီးခဲ့တဲ့လပိုင်းလောက်ကမှကြေညာခဲ့တဲ့ Borderlands ရုပ်ရှင်အတွက်လည်း ဇာတ်ညွှန်းဆရာအဖြစ် တာဝန်ယူသွားမယ့်သူပဲဖြစ်ပါတယ်။ Craig Mazin ဟာ ၂၀၂၀ မှာတင်ကို နာမည်ကြီးဗီဒီယိုဂိမ်း ၂ ခုဖြစ်တဲ့ The Last of Us နဲ့ Borderlands တို့ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ဇာတ်ညွှန်းရေးသားဖို့လက်ခံခဲ့တာဖြစ်ပါတယ်။

တီဗွီစီးရီးတွေကို သူ့ထက်ငါအပြိုင်ထုတ်လုပ်လျက်ရှိတဲ့ ရုပ်သံလိုင်းလောကထဲမှာ HBO ကတော့ သူ့ရဲ့အရည်အသွေးမြင့်တီဗွီစီးရီးတွေကြောင့် ပရိသတ်တွေကြားမှာ အမြဲလိုလိုနံပါတ် ၁ ရရှိထားတဲ့ ရုပ်သံလိုင်းပဲဖြစ်ပါတယ်။ လောလောဆယ်မှာ HBO ကိုတာဝန်ယူထုတ်လုပ်မယ့် The Last of Us တီဗွီစီးရီးထွက်ရှိမယ့်ရက်စွဲကို ကြေညာထားခြင်းမရှိသေးပေမယ့် စောင့်မျှော်ရကျိုးနပ်မယ့် တီဗွီစီးရီးတစ်ခုဖြစ်လာဖို့ကတော့ သေချာသလောက်နီးပါးရှိနေပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က