ယခု ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အသစ်ဟာ တိရိစ္ဆာန်မှ လူသို့ကူးစက်တဲ့ ပထမဆုံး ဗိုင်းရပ်စ်မဟုတ်ပါဘူး။

တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး လတ်တလော ကူးစက်ပျံ့နှံ့မှုနဲ့ လူသေဆုံးမှုတွေ မြင့်တက်လာနေတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးရဲ့ မူလဇစ်မြစ်က တိရိစ္ဆာန်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

(Photo: Tyrone/Reuters)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်ကို စတင်တွေ့ရှိခဲ့ပါတယ်။ ထိုဗိုင်းရပ်စ်ကူးစက်ခံရမှုတွေဟာ ဝူဟန်မြို့ရှိ မြွေအပါအဝင် တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်နေတဲ့ ဈေးတစ်ခုနဲ့ ဆက်စပ်နေကြောင်း ယူဆခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဗိုင်းရပ်စ်အသစ်ကို Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ခဲ့ပါတယ်။



ဗိုင်းရပ်စ်အသစ်က လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းလည်း အတည်ပြုထားပြီး တရုတ်ပြည်မကြီးပြင်ပ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ နီပေါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန်နဲ့ ဩစတြေးလျတို့မှာလည်း ကူးစက်ခံရသူတွေ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

(Photo: Mike Clarke/AFP)

ယနေ့ (ဇန်နဝါရီ ၂၇ ရက်) မွန်းလွဲပိုင်းအချိန်အထိ Novel coronavirus (2019-nCoV) ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ လူ ၈၁ ဦး သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ စုစုပေါင်း ၂,၈၁၆ ဦး ရှိလာခဲ့ပါတယ်။ ယခု ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အသစ်ဟာ တိရိစ္ဆာန်မှ လူသို့ကူးစက်တဲ့ ပထမဆုံး ဗိုင်းရပ်စ်မဟုတ်ပါဘူး။ တိရိစ္ဆာန်က မူလဇစ်မြစ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လူတွေကိုကူးစက်ကာ ရောဂါဖြစ်ပွားသေဆုံးမှုတွေအကြောင်း အကျဥ်းချုပ်ဖော်ပြထားပါတယ်။

အီဘိုလာ (Ebola) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောကြားမှုအရ အီဘိုလာဗိုင်းရပ်စ်ရဲ့ စတင်ဖြစ်ပွားရာ မူလဇစ်မြစ်ဟာ သစ်သီးစားတဲ့ လင်းနို့တွေဖြစ်ပါတယ်။ အီဘိုလာက အခြား တိရိစ္ဆာန်တွေဖြစ်တဲ့ ချင်ပန်ဇီမျောက်များ၊ ဂေါ်ရီလာမျောက်ဝံများ၊ မျောက်များ၊ တောဆိတ်များနဲ့ ဖြူကောင်တွေထံရောက်ပြီး လူတွေကို ကူးစက်နိုင်ပါတယ်။

(Photo: Catherine Soi/Al Jazeera)

အီဘိုလာကြောင့် နာမကျန်းဖြစ်သူ သို့မဟုတ် သေဆုံးခဲ့သူရဲ့ သွေး သို့မဟုတ် ခန္ဓာကိုယ်တွင်းမှ အရည်၊ ထိုအရည်နဲ့ထိတွေ့ထားတဲ့ အရာတွေမှာလည်း အီဘိုလာဗိုင်းရပ်စ် ရှင်သန်ပေါက်ပွားနိုင်ပြီး ကူးစက်မှုဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ရပြီးနောက် အာဖရိကမှာ အများဆုံး ကူးစက်ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (US Center for Disease Control and Prevention - US CDC) က ပြုလုပ်ခဲ့တဲ့ သုတေသနက ဆိုပါတယ်။ အီဘိုလာကြောင့် လူ ၁၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် (HIV/AIDS)

လူတွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းစေတဲ့ HIV (human immunodeficiency virus) ဗိုင်းရပ်စ်ဟာ အာဖရိကအလယ်ပိုင်းရှီ ချင်ပန်ဇီမျောက်တစ်မျိုးမှ လူသားများထံသို့ ကူးစက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း US CDC က ဖော်ပြထားပါတယ်။ HIV ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ ဆဲလ်များသို့ ကူးစက်ပါတယ်။ HIV ကူးစက်ခံရသူဟာ ကိုယ်ခံအားနည်းလာပြီး ရောဂါကူးစက်ရန် ပိုမိုလွယ်ကူလာကာ နောက်ထပ် ရောဂါအသစ်များ ထပ်တိုးလာနိုင်ပါတယ်။

(Photo: Shakil Adil/AP)

HIV ဗိုင်းရပ်စ်ကူးစက်ခံရမှု အကြာရှည်ဆုံးသူတွေဟာ AIDS (Acquired Immunodeficiency Syndrome) ရောဂါဖြစ်ပွားကြောင်း WHO က ပြောထားပါတယ်။ HIV/AIDS ကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃၂ သန်းကျော် သေဆုံးခဲ့ပါတယ်။ WHO ရဲ့ စာရင်းအချက်အလက်တွေအရ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃၇.၉ သန်းမှာ HIV ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

ပုလိပ်ရောဂါ (Plague)

ပုလိပ်ရောဂါဟာ ရာစုနှစ်များကြာ ရှိနေခဲ့တာဖြစ်ပါတယ်။ Black Death ခေါ် ပုလိပ်ရောဂါဖြစ်ပွားမှု ကပ်ရောဂါအဖြစ် ဖြစ်ပွားခဲ့စဥ်က ခန့်မှန်းခြေ လူဦးရေ ၂၅ သန်း သေဆုံးခဲ့ပါတယ်။ ပလိပ်ရောဂါဟာ ၁၃၃၄ ခုနှစ်မှ ၁၃၄၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းအထိ တရုတ်နိုင်ငံမှ စတင်ခဲ့ပြီး ဥရောပသို့ ကူးစက်ပျံ့နှံ့နေခဲ့ပါတယ်။

ပုလိပ်ရောဂါ အဓိက ပုံစံသုံးမျိုးရှိပြီး ရှေးခေတ်မှာ ဖြစ်ပွားခဲ့ဖူးတဲ့ ပုလိပ်ကပ်ရောဂါ၊ သွေးအဆိပ်တက် ပုလိပ်ရောဂါနဲ့ အဆုတ်ရောင် ပုလိပ်ရောဂါတို့ ဖြစ်ပါတယ်။ ကြွက်များနဲ့ ကြွက်သန်းတို့မှာတွေ့ရတဲ့ Yersinia pestis ဘက်တီးရီးယားကြောင့် ပုလိပ်ရောဂါ ဖြစ်ပွားပါတယ်။ ပုလိပ်ရောဂါဟာ ကမ္ဘာ့တိုက်ကြီးများအားလုံးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး လူ့သမိုင်းမှာ သေဆုံးမှုအများဆုံး ရောဂါတစ်ခုလို့လည်း ဆိုပါတယ်။

ဆားစ် (SARS)

၂၀၀၃ ခုနှစ်မှာ အမည်သတ်မှတ်နိုင်ခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ဟာ လင်းနို့များဖြစ်တယ်လို့ ယုံကြည်ထားပြီး နောက်ပိုင်းမှာ ကြောင်ကတိုးကဲ့သို့ တိရိစ္ဆာန်တွေမှာလည်း တွေ့လာရပါတယ်။ လူတွေကို အဆိုပါဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှုကိုတော့ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ၂၀၀၂ ခုနှစ်အတွင်း တွေ့ရှိခဲ့ကြောင်း WHO က ပြောပါတယ်။

(Photo: Kin Cheung/AP)

၂၀၀၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၃ ခုနှစ် ဇူလိုင်လအထိ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၈,၀၉၈ ဦးမှာ SARS ဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး အဆုတ်ရောဂါလက္ခဏာများ ခံစားခဲ့ရပါတယ်။ SARS ကြောင့် လူ ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။ SARS ရောဂါအတွက် ကုသမှုမရှိခဲ့ဘဲ အသက်ရှူကိရိယာများ၊ ပဋိဇီဝဆေးနဲ့ စတီးရိုက် (steroid) ဆေးများ အသုံးပြုခြင်းကဲ့သို့ ကုသမှုတွေရှိခဲ့ပါတယ်။

မားစ် (MERS)

၂၀၁၂ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ MERS (Middle East Respiratory Syndrome) ရောဂါ ဗိုင်းရပ်စ်ရ့ မူလဇစ်မြစ်ဟာ လင်းနို့များဖြစ်ပြီး ကုလားအုတ်များထံ ကူးစက်ရောက်ရှိခဲ့ပါတယ်။ လေ့လာမှုတွေအရ MERS ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကုလားအုတ်တွေနဲ့ တိုက်ရိုက် သို့မဟုတ် တိုက်ရိုက်မဟုတ်တဲ့ ထိတွေ့မှုမျိုးဖြင့် ထိတွေ့မိတဲ့ လူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပါတယ်။ MERS ဗိုင်းရပ်စ်ကူးစက်မှုတွေကို နိုင်ငံ ၂၇ နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ WHO ရဲ့ စာရင်းအချက်အလက်တွေအရ လူဦးရေ ၂,၄၉၄ ဦးမှာ MERS ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခဲ့ပါတယ်။ ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်ဟာ ဆော်ဒီအာရေဗျနိုင်ငံမှ ဖြစ်ပါတယ်။ MERS ကြောင့် လူ ၈၅၈ ဦး သေဆုံးခဲ့ပါတယ်။

ခွေးရူးပြန်ရောဂါ (Rabies)

ခွေးရူးပြန်ရောဂါ ကူးစက်ဖြစ်ပွားမှုရဲ့ ၉၉ ရာခိုင်နှုန်းခန့်ဟာ ခွေးများမှတစ်ဆင့် ဖြစ်ပါတယ်။ သို့သော် အမေရိကမှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုအများစုဟာ လင်းနို့တွေကြောင့်လို့ ဆိုပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် အာဖရိကနဲ့ အာရှမှာ သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ WHO ရဲ့ အဆိုအရ နှစ်စဥ် နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ခွေးရူးပြန်ရောဂါကြောင့် ခန့်မှန်းခြေအားဖြင့် လူ ၅၉,၀၀၀ သေဆုံးပါတယ်။

တုပ်ကွေးရောဂါ (Influenza)

တိရိစ္ဆာန်အများအပြားကနေ တုပ်ကွေးရောဂါ ကူးစက်နိုင်ပါတယ်။ ကြက်ငှက်တုပ်ကွေး (Avian influenza) နဲ့ ဝက်တုပ်ကွေး (Swine flu) တို့ ကူးစက်ပျံ့နှံ့ခဲ့တာမျိုး ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေ သို့မဟုတ် ထိုဗိုင်းရပ်စ်ရှိနေတဲ့ နေရာတွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

(Photo: Independent Nurse)

US CDC က ထုတ်ပြန်ထားမှုအရ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်း ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တုပ်ကွေးကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဥ် လူဦးရေ ၃ သန်းမှ ၅ သန်းခန့် ပြင်းထန်တဲ့ဖျားနာမှု ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြင့် လူဦးရေ ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ ခန့် သေဆုံးကြပါတယ်။

Nipah ဗိုင်းရပ်စ်

Nipah ဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ ဝက်များကဲ့သို့ တိရိစ္ဆာန်တွေမှတစ်ဆင့် လူတွေကို ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပါဝင်နေတဲ့ အစားအစာများကနေလည်း ကူးစက်နိုင်သလို လူတစ်ဦးမှတစ်ဦးသို့လည်း တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ သစ်သီးစားတဲ့ လင်းနို့တွေဟာ Nipah ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ် ဖြစ်ပါတယ်။ အာရှဒေသမှာ Nipah ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အနည်းငယ်မျှသာရှိပြီး လူသိနည်းပါတယ်။

ထိုဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်အများအပြားမှာ ကူးစက်ပျံ့နှံ့မှုရှိပြီး လူတွေကို ကူးစက်ခံရပါက ပြင်းထန်တဲ့ရောဂါ ဖြစ်စေပြီး သေဆုံးနိုင်ပါတယ်။ Nipah ဗိုင်းရပ်စ်ကို ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံရှိ ဝက်မွေးမြူတဲ့ လယ်သမားတွေကြား ကူးစက်ပျံ့နှံ့မှုအတွင်း ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က မလေးရှားမှာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နောက်ထပ် ကူးစက်ပျံ့နှံ့မှု မရှိသေးပါဘူး။

Ref: Wikipedia, AFP, Al Jazeera, WHO


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က