အက်သလက်တီကိုနဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မနက်ဖြန်ညမှာ ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဥ်မှာ သူ့အသင်းက ကစားသမား (၁၂) ယောက်ထည့်သွင်း အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ပွဲစဥ်တွေအတွက် အရမ်းကို အတွေးလွန်လေ့ရှိတယ်လို့ဆိုနေကြပြီး ဒီအပေါ်မှာ ဂွါဒီယိုလာက နောက်ပြောင်ပြောကြားခဲ့တာပါ။



မန်စီးတီးနောက်ခံလူဟောင်း လက်စ်ကော့က ဒီအကြောင်းကို မကြာခင်ကပဲ ပြောကြားခဲ့ပါသေးတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အက်သလက်တီကို,ကို အိမ်ကွင်းမှာ အရင်ဆုံး ဧည့်ခံကစားရမှာပါ။ ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက “ချန်ပီယံလိဂ်ပွဲတွေဆိုရင်တော့ ကျနော်က အမြဲတမ်း အတွေးလွန်နေတာဗျ။ အများကြီးကို တွေးလွန်းနေတာ သေချာပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်က ရလဒ်ကောင်းတွေ ရခဲ့တာလေ။ ဒီလိုမျိုး အတွေးလွန်ရတာကို ကျနော်ကြိုက်ပြီး ရူးသွပ်တဲ့ ဗျူဟာတွေ ဖန်တီးရတာကိုလည်း သဘောကျပါတယ်”

“ဒီည ကျနော် သေချာစဥ်းစားမယ်၊ ဥာဏ်ကွန့်မြူးမယ်၊ မနက်ဖြန်ကျရင် အံ့အားသင့်ဖွယ်ကောင်းတဲ့ ဗျူဟာနဲ့ ကျနော် ကစားခိုင်းမှာပါ။ ကျနော်တို့ ကစားသမား (၁၂) ယောက်ထည့်ကစားပါမယ်” လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့်မှာလည်း မန်စီးတီးက ပထမအကျော့ စပို့တင်းလစ္စဘွန်းကွင်းမှာတင် ငါးဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တနေရာအတွက် သေချာစေတဲ့ ရလဒ်ကို ရယူခဲ့ပါတယ်။ အက်သလက်တီကိုကတော့ ပြီးခဲ့တဲ့အဆင့်မှာ မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ဖြုတ်ချခဲ့တာကြောင့် ဂွါဒီယိုလာတယောက် သတိထားရင်ဆိုင်ဖို့ လိုအပ်နေပါတယ်။ 

Share

က္က