ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကိုကစားရမှာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ကစားရမယ့်ပွဲမှာ ယူနိုက်တက်ရဲ့ အားအထားရဆုံးကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ စပါးနဲ့ပွဲကိုလည်း လွဲချော်ခဲ့ပြီး ကိုဗစ်ကူးစက်ခံထားရလို့ ဖျားနာနေပြီး အချိန်မီပြန်လည်သက်သာလာဖို့က ခက်ခဲနေတယ်လို့ ဆိုပါတယ်။ 

ဒီရာသီမှာ ယူနိုက်တက်အတွက် ၉ ဂိုးသွင်းယူပြီး ၁၄ ကြိမ်ဖန်တီးပေးထားတဲ့ ကွင်းလယ်ဖန်တီးရှင်နဲ့ ပတ်သက်ပြီး နည်းပြရန်းဂ်နစ်ခ်ကတော့ အသင်းလူစာရင်းကို နောက်ကျပြီးမှသာ ထုတ်ပြန်နိုင်မယ်လို့ ဝန်ခံထားပါတယ်။ ဆိုလိုတာကတော့ ဖာနန်ဒက်စ်ရဲ့ အခြေအနေကို နောက်ဆုံးအချိန်ထိ စောင့်ကြည့်ပြီးမှ လူစာရင်းမှာ ထည့်သွင်းသင့်၊မသင့်ကို ဆုံးဖြတ်ရမယ်ဆိုတာပါပဲ။

ဖာနန်ဒက်စ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ သူက "ကျနော်မသိဘူး၊ တော်မီနေးကလည်း ကြွက်သားပြသနာဖြစ်နေတယ် ဒါကြောင့် စပါးနဲ့ပွဲမှာ သူ့ကိုချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ သူကလည်း ဖရက်ဒ်လိုပါပဲ၊ ကြံ့ခိုင်မှုအပြည့်ရှိနေမှသာ သူက ရာနှုန်းပြည့်ပုံစံကောင်းပြသနိုင်သူမို့ပါ၊ လုခ်ရှောကတော့ တနင်္လာနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်ထင်ပါတယ်"

"ဘရူနိုရဲ့ အခြေအနေကိုတော့ အင်္ဂါနေ့ထိ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ ကိုဗစ်ကြောင့် နောက်ဆုံးမိနစ်အထိလည်းဖြစ်နိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ စပါးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ရော်နယ်ဒိုလည်း အသင်းရဲ့အင်ဂျင်တခုဖြစ်လာဖို့အတွက် သူက တိုက်တွန်းခဲ့ပါသေးတယ်။ 

"ရော်နယ်ဒိုက အရေးပါတဲ့ကစားသမားတယောက်ပါ၊ သူ့ရဲ့နာမည်၊ သူ့ရဲ့ကစားတဲ့ပုံစံက အသင်းကိုလွှမ်းမိုးနိုင်တာသေချာပါတယ်၊ ဒါပေမယ့် တခြားကစားသမားတွေကလည်း တာဝန်ယူမှုရှိရပါမယ်၊ စွမ်းဆောင်ရည်ကောင်းလိုအပ်ပါတယ်၊ အသင်းကို ဦးဆောင်မယ့် သူတွေအဖြစ်နဲ့ပေါ့" လို့ ရန်းဂ်နစ်ခ်က ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က