အက်သလက်တီကိုကြယ်ပွင့် မားကို့စ်လော်ရန်တေးက ရော်နယ်ဒို အသင်းကို ရောက်လာမယ်ဆိုတဲ့သတင်းတွေအပေါ် မဖြစ်နိုင်ကြောင်းနဲ့ လာမယ်ဆိုရင်လည်း ဆွေးနွေးရမယ့်အချိန်တွေ ရှိသေးကြောင်း ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီတို့နဲ့လည်း သတင်းထွက်ခဲ့ပါတယ်။
ဒါ့အပြင် အက်သလက်တီကိုနဲ့လည်း အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမယ့် အသင်းဘက်ကတော့ ရော်နယ်ဒိုကို ခေါ်ယူနိုင်စွမ်းမရှိဘူးလို့ သိရှိရပါတယ်။ ဒါ့အပြင် အက်သလက်တီကိုပရိသတ်တွေကလည်း မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်းကို အသင်းမှာ မြင်တွေ့လိုခြင်းမရှိပါဘူး။
ဒီလိုအချိန်မျိုးမှာပဲ အက်သလက်တီကိုကစားသမား မားကို့စ်လော်ရန်တေးက “ရော်နယ်ဒို အသင်းကို ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်တမ်း အသင်းကို ရောက်လာမှာလည်း မဟုတ်တဲ့ နာမည်တွေအများကြီးကို လူတွေကပြောနေကြပါတယ်။ တကယ်လို့ ရော်နယ်ဒိုလာမယ်ဆိုရင်တောင် ဆွေးနွေးရမယ့် အချိန်ရှိပါသေးတယ်”
“အနည်းဆုံးတော့ ကျနော် အခု ဒီအကြောင်းကို ကျော်သွားချင်ပါတယ်။ လူပေါင်းများစွာက ဒီအကြောင်းကို အရမ်းပြောနေကြပါတယ်။ ခင်ဗျားတို့ အားလုံးလည်း ရော်နယ်ဒိုအကြောင်း သိတာပဲလေ။ သူဘာတွေ စွမ်းဆောင်ပြထားလဲဆိုတာကိုရောပေါ့။ ဒီကိစ္စက နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဘက်က ဆုံးဖြတ်သင့်တဲ့ ကိစ္စပါ" လို့ ပြောကြားသွားခဲ့ပါတယ်။
အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းထွက်လာပေမယ့် လက်ရှိနွေစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူတော့မှာမဟုတ်တဲ့ ဒီအသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကိစ္စကို ထည့်သွင်းစဥ်းစားမှာတောင် မဟုတ်ဘူးလို့ သိရှိရပါတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်နေပေမယ့်လည်း ရော်နယ်ဒိုကိုယ်တိုင်ကတော့ ယူနိုက်တက်အတွက်လည်း ပြန်လည်မကစားပေးလိုဘူးလို့ သူ့ရဲ့မိတ်ဆွေ ပီယာ့စ်မော်ဂန်က ပြောကြားထားပါတယ်။