အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကို ရက် ၉၀အတွင်း အမေရိကန်မှာ လုပ်ငန်းရောင်းချဖို့ ဖိအားပေးတဲ့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရေးရာ ကော်မတီ (CFIUS) မှ အစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက် အမျိုးသားလုံခြုံရေးစိုးရိမ်မှုကြောင့် အခုအမိန့်ကို ထုတ်လိုက်တာ ဖြစ််တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ CFIUS ဟာ Musical.ly ကို ByteDance ရဲ့ ဝယ်ယူမှုကိုလည်း ပြန်သုံးသပ်ဖို့ လုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က Musical.ly ကို ဝယ်ယူရာကနေ TikTok ဖြစ်လာတာပါ။
Photo: The States Man
"ByteDance ဟာ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ လုပ်ရပ်မျိုး လုပ်နိုင်တယ်လို့ ယုံကြည်လောက်တဲ့ သက်သေတွေ ရှိပါတယ်။" လို့ သမ္မတထရမ့်ရဲ့ အမိန့်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ထွက်ခဲ့တဲ့ ထရမ့်ရဲ့ တိုက်ရိုက်အမိန့်ညွှန်ကြားချက်မှာ ByteDance အနေနဲ့ ၄၅ ရက်အတွင်း TikTok ကို အမေရိကန်လုပ်ငန်းတွေကို ရောင်းချမှု မလုပ်ပါက လုပ်ငန်းလုပ်ဆောင်မှု တားမြစ်သွားမယ်လို့ ဆိုပါတယ်။ ByteDance ဟာ မြောက်အမေရိက ၊ ဩစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံများမှ TikTok ရဲ့ လုပ်ငန်းတွေကို Microsoft Corp ဆီ ရောင်းချဖို့လည်း စကားပြောထားပါတယ်။
Photo: The Times and Democrat
သမ္မတအမိန့်အရ ByteDance ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ရှိတဲ့ TikTok ရဲ့ လုပ်ငန်းအားလုံးမှာ ပံ့ပိုးဖို့ သုံးနေတဲ့ ပိုင်ဆိုင်မှုနဲ့ ရပိုင်ခွင့်တွေပါ ရုတ်သိမ်းခံရမှာ ဖြစ်ပါတယ်။ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက် ဘေးကင်းရေးအတွက် အရောင်းအဝယ်လုပ်နေစဉ်အတွင်း TikTok နဲ့ ByteDance တို့ရဲ့ သတင်းအချက်အလက်စနစ်ကိုပါ အမေရိကန်အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးခွင့် ရှိမှာပါ။
Microsoft အနေနဲ့ TikTok ကို ဝယ်ဖို့ တစ်ပြေးနေပေမယ့် ဘယ်လောက်ပမာဏနဲ့ အရောင်းအဝယ်ဖြစ်မလဲ မသိရသေးပါဘူး။ CNBC သတင်းမှာတော့ ခန့်မှန်းခြေ ဒေါ်လာ ၁၀ ဘီလျံနဲ့ ဘီလျံ ၃၀ အကြား ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ TikTok နဲ့ WeChat ပေါ် ထုတ်ပြန်တဲ့ အမိန့်ကြောင့် အမေရိကန်လုပ်ငန်းတွေပေါ် မကောင်းတဲ့ ဂယက်ရိုက်လာနိုင်မှာကိုလည်း Apple အပါအဝင် အမေရိကန်ကုမ္ပဏီကြီးတစ်ချို့က စိုးရိမ်ကြောင်း ပြောထားပါတယ်။