မရောင်းသေးဘဲ ခေါင်းမာနေတဲ့ TikTok အတွက် ဝယ်လက်စာရင်းတော့ ထွက်လာပါပြီ။

တစ်နေ့ကပဲ YouTuber MrBeast က သူလည်း TikTok ဝယ်ချင်တယ်လို့ ထုတ်ပြောလာပါတယ်။ အခုဆို TikTok ဝယ်ဖို့ နာမည်ထွက်နေတဲ့ အမေရိကန်သူဌေးတွေ အတော်များနေပါပြီ။ TikTok ဝယ်ဖို့ ချောင်းနေသူတွေ ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) ဖရန့်ခ် မက်စ်ကော့ နဲ့ ကယ်ဗင် အို လီယာရီ

မက်စ်ကော့က အမေရိကန်ဘေ့စ်ဘောအသင်းပိုင်ရှင် ဘီလျံနာပါ။ သူနဲ့အတူ TikTok တွဲဝယ်ဖို့ စိတ်ဝင်စားသူက Shark Tank ရင်းနှီးမြှပ်နှံသူ ကယ်ဗင် အိုလီယာရီပါ။ ကယ်ဗင် အိုလီယာရီကတော့ ဒေါ်လာသန်း ၄၀၀ ဝန်းကျင်လောက် ချမ်းသာပြီး မက်စ်ကော့က ဒေါ်လာ ၂.၄ ဘီလျံ ချမ်းသာပါတယ်။

မက်စ်ကော့တို့ အဖွဲ့က TikTok ကို ငွေသားဘီလျံ ၂၀ နဲ့ ပေးဝယ်ဖို့ ကမ်းလှမ်းထားတာပါ။ စိတ်ဝင်စားစရာက ဒီသူဌေးနှစ်ယောက်က TikTok users တွေကို ဘယ် content ကြိုက်လဲ အကြံပြုတဲ့ ဆော့ဖ်ဝဲလ် algorithm မဝယ်ဘူးဆိုတာပါပဲ။ ဒါက နည်းပညာမရောင်းချင်တဲ့ ByteDance အတွက်ရော တရုတ်အစိုးရဘက်ကပါ သဘောကျမယ့်အချက် ဖြစ်ဖို့ ရှိပါတယ်။

(၂) MrBeast

TikTok ဝယ်ဖို့ လေသံပစ်နေတဲ့သူတွေထဲမှာ ဂျင်မီ ဒိုနယ်ဆန်လို့ ခေါ်တဲ့ MrBeast လည်း ပါပါတယ်။ သူ့ချည်းဆို MrBeast က ဘီလျံဝက်ပဲ ချမ်းသာပါတယ်။ TikTok ဝယ်ချင်သူတွေထဲမှာ ငွေကြေးအင်အားအနည်းဆုံးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့ TikTok မှာတော့ Followers သန်း ၁၀၀ ကျော် ရှိပါတယ်။

MrBeast က TikTok ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွေနဲ့ လိုက်စပ်နေတာပါ။ သူနဲ့ စကားပြောထားတဲ့ အဖွဲ့တွေထဲမှာ Employer.com ကို ထောင်ထားတဲ့ ဂျက်ဆီ တင်စ်လေရဲ့ အဖွဲ့တစ်ဖွဲ့လည်း ပါပါတယ်။ အခုထိတော့ MrBeast နဲ့ ဝယ်လက်တွေအကြား သီးသန့်သဘောတူညီမှု မရသေးဘူးလို့ ပြောပါတယ်။



(၃) အီလွန်မတ်စ် နဲ့ လယ်ရီအယ်လီဆင်

သမ္မတထရမ့်ကတော့ သူ့လူတွေကို TikTok ဝယ်ထားစေချင်တာပါ။ ဒီထဲမှာ အီလွန်မတ်စ်နဲ့ လယ်ရီ အယ်လီဆင်ကို နာမည်တပ်ပြီး ပြောထားတာ ရှိပါတယ်။ နှစ်ယောက်စလုံးကလည်း ကမ္ဘာ့အချမ်းသာဆုံးတွေ ဖြစ်လို့ TikTok ဝယ်ဖို့ အေးဆေးတတ်နိုင်ပါလိမ့်မယ်။

အီလွန်မတ်စ် ဝယ်မယ်ဆိုရင် တရုတ်ဘက်က စဉ်းစားမယ်ဆိုတဲ့ သတင်းတွေ ကြားခဲ့ရပါတယ်။ လောလောဆယ်တော့ X(Twitter) ရှယ်ယာဝယ်ထားတာ ချမပြခဲ့တဲ့ကိစ္စတွေကြောင့် အီလွန်မတ်စ်ကို SEC ဘက်က စုံစမ်းမှုတွေ လုပ်နေပါတယ်။

Orcale သူဌေး လယ်ရီအယ်လီဆင်ကတော့ TikTok နဲ့ စီးပွားဖက်တွေပါ။ အရင် ၂၀၂၀ ကတည်းက အယ်လီဆင်က Walmart နဲ့ တွဲပြီး TikTok စီးပွားရေးကို ဝယ်ဖို့ လုပ်ခဲ့ပါတယ်။ အခုတစ်ခေါက်ရော အရောင်းအဝယ်ကိစ္စ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။

အမေရိကန်က TikTok လုပ်ငန်းတွေကို ဝယ်ချင်သူတွေထဲမှာ အမေရိကန်ရဲ့ အကြီးဆုံး Social Media ကုမ္ပဏီတွေနဲ့ နည်းပညာလုပ်ငန်းကြီးတွေဖြစ်တဲ့ Meta နဲ့ Google တို့လည်း ပါလာနိုင်တယ်လို့ ဈေးကွက်ဆန်းစစ်သူတွေက ခန့်မှန်းထားပါတယ်။

ဘယ်သူပဲဝယ်ဝယ် သမ္မတဒေါ်နယ်ထရမ့်ကတော့ TikTok ကို အမေရိကန်တစ်ဝက်ပိုင်ရင် ကျေကျေနပ်နပ်ကြီး ခွင့်ပြုချင်နေတာပါ။ နောက်ပိုင်း ဥပဒေကြောင်းအရ ဘယ်လိုပြဿနာတွေ ရှိလာနိုင်သလဲတော့ မသိရသေးသလို ByteDance ဘက်ကလည်း သူ့လုပ်ငန်း ရောင်းမရောင်းအသံ ထွက်မလာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က