အာဆီယံ ဆူဇူကီးဖလား အုပ်စု ဒုတိယပွဲစဉ်တွင် တီမောကို အနိုင်ကစားခဲ့တဲ့ မြန်မာအသင်းရဲ့ ကစားပုံကို ကျေနပ်အားရပါတယ် လို့ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

”နိုင်ပွဲစရလို့ ဝမ်းသာပါတယ်။ အုပ်စုနောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ဒီပွဲက မဖြစ်မနေ လိုအပ်တဲ့ အနိုင်ပွဲ တစ်ပွဲပါ။ တီမောက အသင်းငယ် ဆိုပေမယ့်လည်း အကောင်းဆုံး ကစားခဲ့တာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် နောက်ထပ် ၂ ဂိုး၊ ၃ ဂိုးလောက် သွင်းနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ၂ ဂိုးပဲ ရခဲ့တဲ့ အသင်းရဲ့ ကစားပုံကိုတော့ အားရကျေနပ်ပါတယ် “ ဟု အန်တွမ်နီဟေးက ပြောကြားခဲ့ပါတယ်။

Photo: AFF

ယနေ့ပွဲစဉ်မှာ မြန်မာအသင်းဟာ တီမောအသင်းကို တိုက်စစ်မှူး သန်းပိုင်နဲ့ မောင်မောင်လွင်တို့ရဲ့ သွင်းဂိုးတွေကြောင့် နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဆူဇူကီး ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲစတင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအသင်းက အသင်းကောင်းတစ်သင်း ဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ် လို့ တီမောနည်းပြချုပ် ဖေဘီယိုက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: AFF

“ မြန်မာက အသင်းကောင်း ဖြစ်လို့ ကစားသမားတွေအတွက် အတွေ့အကြုံကောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အသင်းကို ပိုမိုကောင်းမွန်တဲ့ ပုံစံရအောင် ကြိုးစားသွားပါမယ်။ ဒီပွဲမှာ ထိုင်းနဲ့ ပွဲကထက် ပိုကောင်းစွာ ကစားနိုင်ခဲ့ပါတယ်။ နောက်ပွဲတွေမှာ နိုင်ပွဲစရနိုင်အောင်လို့လည်း ရည်ရွယ်ပြီး ယှဉ်ပြိုင်သွားပါမယ် “ ဟု ဖေဘီယိုက ပြောခဲ့ပါတယ်။ အာဆီယံဆူဇူကီးဖလား အုပ်စု (က) အခြားပွဲစဉ်မှာတော့ အိမ်ရှင် စင်ကာပူက ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စု ဒုတိယပွဲစဉ်တွေ အပြီးမှာတော့ စင်ကာပူက ခြောက်မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး မြန်မာကတော့ ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

Share

က္က