အာဆီယံဆူဇူကီးဖလား အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာဘောလုံးအသင်းအနေဖြင့် တီမောအသင်းကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက် ကြိုးစားသွားမယ်လို့ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ (ဒီဇင်ဘာ ၇ ရက်) မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

“ ထိုင်းနဲ့ပွဲမှာ တီမောအသင်း ကစားပုံကို ကျွန်တော် သဘောကျပါတယ်။ ဒီပြိုင်ပွဲမှာ ဘယ်နိုင်ငံမှ လျှော့တွက်လို့ မရတဲ့ အနေအထား ရှိတာကြောင့် တီမောနဲ့ ပွဲစဉ်ကို သေချာစွာ ပြင်ဆင်သွားမှာပါ။ အသင်းကို ကောင်းကောင်းကစားနိုင်ဖို့ ပြင်ဆင်ပြီး ရလဒ်ကောင်း ရယူပါမယ်။ တီမောကို အနိုင်ရလဒ် ရအောင်ယူပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နိုင်ဖို့ ကြိုးပမ်းသွားပါမယ် “ လို့ အန်တွမ်နီဟေးက ပြောကြားခဲ့ပါတယ်။

Photo: AFF

မြန်မာအသင်းနဲ့ တီမောအသင်းတို့ဟာ အာဆီယံ ဆူဇူကီး အုပ်စု (က) အဖွင့်ပွဲစဉ်မှာ နှစ်သင်းလုံး ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုနောက်တစ်ဆင့် တက်နိုင်ဖို့ လက်ကျန်ပွဲတွေမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာအသင်းက အသင်းကောင်းတစ်သင်း ဖြစ်တဲ့အတွက် လာမယ့်ပွဲစဉ်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်တယ်လို့ တီမောအသင်းရဲ့ ဘရာဇီးလူမျိုးနည်းပြချုပ် ဖေဘီယိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: AFF

“ ဘောလုံးပွဲ ဆိုတာက ပရိသတ်တွေကို ဖျော်ဖြေမှု အပေးနိုင်ဆုံး လှပတဲ့ ကစားနည်း တစ်ခုပါ။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ နိုင်ငံငယ်လေးတွေကလည်း ပိုအင်အားကြီးတဲ့ နိုင်ငံတွေကို အနိုင်ယူတာတွေလည်း ရှိပါတယ်။ ဒါမျိုးက နိုင်လိုတဲ့ စိတ်ဓာတ်က အရေးကြီးတယ် ဆိုတာ ပြသတာပါပဲ။ ရှေ့ပွဲမှာ အမှားတွေရှိခဲ့ပေမယ့် မြန်မာအသင်းကို စိတ်ဓာတ်ပြင်းထန်စွာနဲ့ ယှဉ်ပြိုင်ပါမယ် “ လို့ ဖေဘီယိုက ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းနဲ့ တီမောအသင်းတို့ဟာ မနက်ဖြန် ဒီဇင်ဘာ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီမှာ စင်ကာပူအမျိုးသားအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က