ဦးမန်းဝင်းဟာ (၁၅) ရက်အကြာ သတိမေ့နေခဲ့စဉ်က သူနေထိုင်ခဲ့တဲ့ ကမာကယာကျေးရွာလေးကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
Photo: Man Win
ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး မန်းဝင်းဟာ သတိမေ့နေခဲ့တဲ့ အချိန်တွေမှာ သူနေထိုင်ခဲ့ဖူးတဲ့ ရွာလေးကို ပြန်ရောက်သွားခဲ့ပါတယ်တဲ့။ သူ ကြုံခဲ့ မြင်ခဲ့ရတာတွေကို မိသားစုတွေဆီ ပြောပြခဲ့တယ်လို့ သိရပါတယ်။
" အဖေ ဦးမန်းဝင်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။ " ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ " " ပြောမယ် "၊ " ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ " " ရွာရောက်နေတာ " ( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )၊ " အဖေ့ကို ဘယ်သူခေါ်သွားတာလဲ " " ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ " ၊ " ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ " " အမေနဲ့ " ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ )၊ " အဖွားက ဘယ်မှာနေလဲအဖေ " " သူ့အိမ်လေးမှာနေတယ် "၊ " အဘွားက စကားပြောလား " " မပြောဘူး "၊ " အဖေ့ကိုရော မြင်လား " " မြင်တယ် မပြောတာ "၊ " အဖွားက ရွာမှာဘာလုပ်နေတာလဲ " " ဥပုသ်စောင့်နေတယ် " ၊ " တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား " " မတွေ့ပါဘူး "၊ " တောကုလားကြီးရော တွေ့လား "( အဖေ့အစ်ကိုကြီးပါ ) " မတွေ့မိဘူး " ၊ " အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ " " အဖေ့ဘာသာ ပြန်လာတာ "၊ လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ်။ အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ" ဆိုပြီးတော့ မန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သမီးဖြစ်သူ ဟေမာမန်းဝင်းက ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Man Win
ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun ကို ပြောပြခဲ့ပါတယ်။ ဦးနှောက်သေသွားခဲ့ တာကြောင့် နှလုံးခုန်သံလေးကိုသာ စောင့်ကြည့်နေခဲ့ရတာဖြစ်ပြီး နှလုံးခုန်သံ ရပ်သွားပါက အသက်ပါ ဆုံးရှုံးသွားမှာဖြစ်တယ်လို့လည်း ဟေမာ မန်းဝင်းက ပြောပြခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ ဦးမန်းဝင်းက ကျန်းမာရေးအခြေအနေ တိုးတက်လာပြီဖြစ်သလို စကားလည်း အနည်းငယ် ပြောနိုင်ပြီလို့သိရပါတယ်။ ဦးမန်းဝင်းအတွက် မိသားစုဝင်တွေ၊ အနုပညာရှင်တွေ အပြင် ပရိသတ်တွေကပါ ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။
Photo: Man Win
မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။