မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ၁၉၉၀ ကျော်လောက်တုန်းက အောင်မြင်ခဲ့တဲ့နေ့ရက်တွေအကြောင်းကို မေ့ပစ်လိုက်ကြဖို့နဲ့ နောက်ထပ် ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနိုင်တော့မှာမဟုတ်ကြောင်းကို လက်ခံစေချင်နေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် ခန့်အပ်ခဲ့တဲ့ နည်းပြ ၄ ဦးစလုံးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အတိတ်က ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရဲ့ဒဏ်ကို ပုခုံးထမ်းခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေရပြီး ထိပ်ဆုံးလေးနေရာကို ဝင်ရောက်နိုင်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညမှာ နယူးကာဆယ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ အခု ၁၉၉၀ ကျော်ကာလတွေမှာမဟုတ်တော့ပါဘူး။ ခေတ်ကာလလည်း မတူတော့ဘူး။ မတူညီတဲ့အစုအဖွဲ့ကို ကျွန်တော်တို့် တည်ဆောက်နေတာပါ”
ဆိုးလ်ရှားက အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ မေဆင်ဂရင်းဝုဒ်တို့လို လူငယ်ကစားသမားတွေနဲ့ အသင်းကို အနာဂတ်အတွက် တည်ဆောက်နေတာလို့ ပြောကြားခဲ့ပါတယ်။
“အနိမ့်အမြင့်အတက်အကျတွေရှိမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒီကောင်လေးတွေ တောက်ပလာမယ့်နေ့ကို မြင်တွေ့ရဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါတယ်”
“ကျွန်တော်တို့လို လူငယ်ကစားသမားတွေနဲ့ ကစားနေတဲ့အသင်း အများကြီး မရှိပါဘူး”
“သူတို့တွေ ပထမအသင်းမှာ ပါဝင်ကစားဖို့အတွက် အခွင့်အရေးရခဲ့ပြီး သူတို့ထဲက အချို့က အောင်မြင်တဲ့အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သေချာသိနေပါတယ်”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။