ရိုးမားနည်းပြကြီးမော်ရင်ဟိုဟာ အီတာလျံအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့ချိန်မှာ ပရိသတ်တွေရဲ့ လက်ခုပ်တီးဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ဒီရာသီမှာ ရိုးမားကို ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားတဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ လက်ထောက်နည်းပြတွေနဲ့အတူ Daniil Medvedev နဲ့ Holger Rune တို့ရဲ့ ဖိုင်နယ်ပွဲစဉ်ကို သွားရောက်အားပေးခဲ့ကြတာပါ။
ရိုးမားကို သူ တာဝန်ယူခဲ့ပြီးနောက် မော်ရင်ဟိုက ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို မနှစ်က ဆွတ်ခူးပေးခဲ့ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးထားတာပါ။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် မော်ရင်ဟိုက ရောမမှာ ထင်ပေါ်ကျော်ကြားနေပြီး ပရိသတ်အားပေးမှုတွေကို ပိုမိုရရှိနေခဲ့တာဖြစ်ပါတယ်။
တင်းနစ်ကွင်းအတွင်းက TV Screen မှာ မော်ရင်ဟိုထိုင်နေတဲ့ နေရာကို ကင်မရာက ရိုက်ကူးပြခဲ့ချိန်မှာ တင်းနစ်ပွဲလာရောက်အားပေးတဲ့ ပရိသတ်တွေက လက်ခုပ်တိးအားပေးခဲ့ပြီး တချို့ကတော့ မတ်တပ်ရပ်ဂုဏ်ပြုတဲ့အထိ လုပ်ခဲ့ကြပါတယ်။ မော်ရင်ဟိုကိုယ်တိုင်လည်း လက်ခုပ်လိုက်တီးခဲ့ကာ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။
မော်ရင်ဟိုဟာ အစောတုန်းကလည်း ဂျိုကိုဗစ်ရဲ့ ဒုတိယအဆင့်ပွဲစဉ်ကို သွားရောက်အားပေးခဲ့ပြီး အင်တာမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ မာတာရာဇီနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ရောမမှာလည်း မော်ရင်ဟိုတယောက် ဘောလုံးပရိသတ်မဟုတ်တဲ့ အခြားသောအားကစားပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကိုပါ ရရှိနေတာဖြစ်ပါတယ်။