အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးသတ်ခဲ့တဲ့ အမျိုးသားလေးဦးအား ပစ်သတ်လိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၆ ရက်) ပြောပါတယ်။
(အုပ်စုဖွဲ့ မုဒိမ်းကျင့် အသတ်ခံရသည့် အမျိုးသမီး) (Photo: The News Minute)
အိန္ဒိယတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့မှာ အဆိုပါ အမျိုးသမီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံရမှုအတွက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မီးလောင်ကျွမ်းထားတဲ့ အမျိုးသမီးရဲ့အလောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ (နိုဝင်ဘာ ၂၈ ရက်) မနက်ပိုင်းက ဟိုက်ဒရာဘတ်မြို့စွန်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ထိုအမှုနဲ့ဆက်စပ်တဲ့ အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ယမန်နေ့ ညသန်းခေါင်ကျော်ပြီး ယနေ့ (ဒီဇင်ဘာ ၆ ရက်) မနက်အကူးအချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလေးဦးကို အခင်းဖြစ်နေရာသို့ ခေါ်ဆောင်သွားပြီး ပြစ်မှုကျူးလွန်ပုံကို ပြန်လည်သရုပ်ပြစေခဲ့ပါတယ်။
(မီးရှို့ထားသည့်အလောင်း တွေ့ရသည့်နေရာ) (Photo: India TV News)
ထိုအချိန်မှာ အဆိုပါ အမျိုးသားလေးဦးက ထွက်ပြေးရန်ကြိုးပမ်းခဲ့ရာမှ ၎င်းတို့ကို အသေပစ်သတ်ခဲ့ကြောင်း ဟိုက်ဒရာဘတ်ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး ပရာကက်ရှ်ရက်ဒီက AFP သတင်းဌာနကို ပြောပါတယ်။ "ပစ်ခတ်မှုဖြစ်ပြီး သူတို့ သေဆုံးသွားခဲ့ပါတယ်၊ သူတို့က ရဲတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်လုယူဖို့ ကြိုးပမ်းခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့ကို အသေပစ်သတ်ခဲ့ပါတယ်" လို့ ပရာကက်ရှ်က ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ရဲအရာရှိနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသမီးဟာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာ အကြောင်းပြချက်တွေကြောင့် အမည်ထုတ်ဖော်နိုင်ခြင်းမရှိတဲ့ ထိုအမျိုးသမီးဟာ နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်မှာ နေအိမ်ကနေ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
(ရဲတပ်ဖွဲ့က ပစ်သတ်လိုက်သည့် သံသယတရားခံ လေးဦး) (Photo: India Today)
ထို့နောက် ဆိုင်ကယ်ဘီးပေါက်သွားကြောင်းနဲ့ ကုန်တင်ကားမောင်းသူတစ်ဦးက ကူညီပေးမယ်လို့ပြောကြောင်း သူမရဲ့နေအိမ်သို့ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ထိုစဥ်က သူမဟာ ယာဥ်ဖြတ်သန်းခကောက်ခံတဲ့ နေရာတစ်ခုမှာ ရောက်ရှိနေခဲ့ပြီး ဆိုင်ကယ်ကိုထားခဲ့ကာ ချိန်းဆိုထားတဲ့နေရာသို့ တက္ကစီဌါးပြီး ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသမီးက ည ၉ နာရီဝန်းကျင်မှာ ဆိုင်ကယ်ထားခဲ့တဲ့နေရာသို့ ပြန်ရောက်လာခဲ့ရာ ကုန်တင်ကားမောင်းသူက ဆိုင်ကယ်ဘီးပေါက်နေတာကို ကူညီပေးမယ်လို့ပြောပြီး သူမကို စောင့်ဆိုင်းနေစေခဲ့ကြောင်း သိရပါတယ်။ ထိုနောက်ပိုင်းမှာတော့ သူမကို ဆက်သွယ်မရတော့ဘဲ ဖုန်းစက်ပိတ်သွားခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
(ဟိုက်ဒရာဘတ်ရဲစခန်းမှာ ဆန္ဒပြစဥ်) (Photo: Reuters)
သူမ ရောက်ရှိနေခဲ့တဲ့ နေရာသို့ အလျင်အမြန် လိုက်သွားခဲပြီး ရှာဖွေခဲ့ကြပေမဲ့ ရှာမတွေ့ခဲ့ရာ မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ဒေလီမြို့တွင်း ဘတ်စ်ကားတစ်စီးပေါ်မှာ မိန်းကလေးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့် အသတ်ခံရပြီးနောက်ပိုင်း အိန္ဒိယမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုနဲ့ လိင်အကြမ်းဖက်မှုတွေအပေါ် အာရုံစိုက်လာခဲ့ပါတယ်။
သို့သော် အိန္ဒိယမှာ အမျိုးသမီးတွေကို ပြစ်မှုကျူးလွန်တဲ့ ဖြစ်ရပ်တွေကတော့ လျော့ကျသွားခြင်း မရှိပါဘူး။ အစိုးရရဲ့ တရားဝင် စာရင်းအချက်အလက်တွေအရ အိန္ဒိယမှာ ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု ၃၃,၆၅၈ မှုကို ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် မုဒိမ်းမှု ၉၂ မှုနှုန်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။